အိုင်ဗရီကို့စ်က စားသုံးရန် မသင့်တော်ဟု ဆိုကာ မြန်မာ့ဆန် တန် ၁၈၀၀၀ ကို ဖျက်ဆီး


18 April, 2019

အနောက်အာဖရိကရှိ အိုင်ဗရီကို့စ်နိုင်ငံမှ ကျန်းမာရေးတာဝန်ရှိသူများက မြန်မာနိုင်ငံမှ တင်ပို့တဲ့ ဆန်များဟာလူများစားသုံးဖို့ မသင့်တော်ဘူးဆိုပြီး ဆန်တန်ချိန် ၁၈၀၀၀ ကို  ဗုဒ္ဓဟူးနေ့က ဖျက်ဆီးခဲ့ကြောင်း  BBC Africa Live စာမျက်နှာမှ ဖော်ပြခဲ့ပါတယ်။

တာဝန်ရှိသူများက မြန်မာနိုင်ငံမှ ဆန်တွေကို ကုန်တင်ကားတစ်စီးနဲ့သယ်ပြီး စွန့်ပစ်ပစ္စည်းများ စုပုံတဲ့နေရာမှာ ဖျက်ဆီးခဲ့ပါတယ်။ အဆိုပါ ဆန်တွေတင်ပို့မှုကို အနောက်အာဖရိက ကမ်းရိုးတန်းရှိ နိုင်ငံတွေကလည်း လက်မခံခဲ့ဘူးလို့ အစီရင်ခံစာများအရ သိရပါတယ်။

ဂါနာ၊ ဂီနီအာနဲ့ တိုဂိုနိုင်ငံတွေကလည်း  အဆိုပါ ဆန်တွေကို အရည်အသွေးမပြည့်မီလို့ဆိုပြီး လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

နောက်ဆုံး အဲ့ဒီဆန်တွေကို အိုင်ဗရီကို့စ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် အာဘစ်ဂျန်ဆိပ်ကမ်းမှာ ကုန်တင်ချခွင့်ရခဲ့ပြီးနောက် အရည်အသွေးထိန်းချုုပ် စစ်ဆေးချက်များအရ မသင့်တော်ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အာဖရိကနိုင်ငံအများစုအတွက် ဆန်ဟာအဓိက စားသောက်ကုန်ဖြစ်လာပေမယ့် ဒေသခံလယ်သမားတွေအနေနဲ့ မြင့်တက်လာတဲ့ ဆန်လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တာကြောင့် ပြည်ပတင်သွင်းအပေါ် မှီခိုနေရပါတယ်။

အနောက်အာဖရိက ကမ်းရိုးတန်းရှိ နိုင်ငံတွေဟာ  သွင်းကုန်ပစ္စည်းများ တင်သွင်းတဲ့အခါ ကုန်းတွင်းပိတ် အိမ်နီးချင်းနိုင်ငံများအတွက် အရေးပါတဲ့ ရေသွယ်မြောင်းများ ဖြစ်ကြပါတယ်။ ဂါနာနိုင်ငံဟာ အိမ်နီးချင်း Burkina Faso နိုင်ငံအတွက် ကုန်ပစ္စည်းတင်ပို့ပေးတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

Africa News

Global News Export, Import Read 614 times