J & M Steel Solution ကုမ္ပဏီမှ သံမဏိသံပေါင်များ ပြည်ပသို့ တင်ပို့ရန် စီစဉ်


06 May, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဂျပန်သံမဏိကုမ္ပဏီ JFE တို့ ပူးပေါင်းဖွင့်လှစ်တဲ့ J & M Steel Solution ကုမ္ပဏီက အိန္ဒိယ၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သံမဏိတံတားသံပေါင်များ တင်ပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုံကို ၂၀၁၄ ခုနှစ်က သာကေတမြို့နယ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ရှယ်ယာ ၄၀ ရာခိုင်နှုန်းနဲ့ JFE ကုမ္ပဏီက ရှယ်ယာ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ စက်ရုံမှ နှစ်စဉ် သံတန်ချိန် ၁၅,၀၀၀ ထုတ်လုပ်နေရာမှ လာမယ့်နှစ်တွေမှာ တန်ချိန် ၂၀,၀၀၀ အထိ တိုးထုတ်လုပ်မယ်လို့ှ သိရပါတယ်။

စက်ရုံမှ လာအို၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံကို Steel Box Grinder ပို့ဆောင်ရောင်းချထားပြီး ပြည်တွင်းမှာ ထီးချိုင့်၊ ဧရာဝတီ မြစ်ကူးတံတား၊ ဗိုလ်ချုပ်အောင်ဆန်းတံတား (ချောင်းဆုံ) ၊ မြောင်းမြတံတားနဲ့ ကုက္ကိုင်းတံတားတွေအတွက် ထုတ်လုပ်ပေးပြီးဖြစ်ပါတယ်။

လက်ရှိမှာ အိန္ဒိယ၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တံတားသံပေါင်များ တင်ပို့ဖို့ စီစဉ်ထားပြီး ပြည်တွင်းမှာ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) ၊ စော်ကဲတံတား၊ ကျွန်းပြဿဒ်တံတားနဲ့ ပုသိမ်တံတားအမှတ် (၂) တို့အတွက် သံပေါင်များ ထုတ်လုပ်နေပါတယ်။

စက်ရုံမှ ၂၀၁၄ မှာ လာအိုနိုင်ငံကို စတီးတန်ချိန် ၂၀၀၊ ၂၀၁၆ မှာ သီရိလင်္ကာကို တန်ချိန် ၃၀၀၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဘင်္ဂလားဒေ့ရှ်ကို တန်ချိန် ၁၀,၀၀၀ တင်ပို့နိုင်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောပါတယ်။ ‘‘အိန္ဒိယကို စတီးသံပေါင်တွေ တင်ပို့ဖို့ စီစဉ်လုပ်ဆောင်နေပါတယ်’’လို့ ၎င်းက ပြောပါတယ်။

ဂျပန်သံမဏိကုမ္ပဏီ JFE အနေနဲ့ သီလဝါမှာ တစ်နှစ်ကို သံမဏိတန်ချိန် ၁၈၀,၀၀၀ ထုတ်လုပ်နိုင်တဲ့ စက်ရုံထပ်မံတည်ဆောက်နေပြီး ၂၀၂၀ ခုနှစ်မှာ စတင်လည်ပတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

7Day Daily

Export, Import Read 2468 times