ဂျပန်ယန်း အစိုးရ စွက်ဖက်ရလုနီးပါး အခြေအနေ ဆိုက်ရောက်


11 June, 2022

ဂျပန်ယန်း အစိုးရ စွက်ဖက်ရလုနီးပါး အခြေအနေ ဆိုက်ရောက်

 

ဂျပန်အစိုးရနှင့် ဂျပန်ဗဟိုဘဏ် Bank of Japan (BOJ) တို့က ၂၀၂၂ ဇွန်လ ၁၀ ရက်မှာ အမေရိကန်ဒေါ်လာနှင့် ဂျပန်ယန်း ငွေလဲနှုန်းမှာ ယန်းက တန်ဖိုးကျဆင်းနေတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်နေကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
အစိုးရနှင့် ဗဟိုဘဏ်တို့ ပူးတွဲကြေညာချက် ထုတ်ပြန်တာ ဖြစ်တောင့်ဖြစ်ခဲ ရှားပါးပါတယ်။

"ကျွန်တော်တို့ ယန်းငွေ သိသိသာသာ ကျဆင်းလာတာကို တွေ့ခဲ့ရပြီး လတ်တလော ငွေကြေးဈေးကွက် လှုပ်ရှားမှုအတွက် စိုးရိမ်မိပါတယ်" လို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ် BOJ ၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများဌာနတို့ရဲ့ ပူးတွဲကြေညာချက်မှာ ပြောကြားထားပါတယ်။

နှစ်ပေါင်း ၂၀ အတွင်း ယန်းတန်ဖိုး အနိမ့်ဆုံး ရောက်ရှိနေလို့ လိုအပ်ခဲ့ရင် အစိုးရက ဝင်ရောက် စွက်ဖက်ပြီး ကိုင်တွယ်မယ့်သဘောရှိကြောင်း အချက်ပြလိုက်တာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ 

ဂျပန်နိုင်ငံက G7 အဖွဲ့ဝင်ဖြစ်လို့ G7 ရဲ့မူဝါဒများနှင့်အညီ ကိုင်တွယ်လိမ့်မယ်လို့ ယူဆကြပါတယ်။

G7 မှာ ကာလရှည်ကြာ ရပ်တည်ထားတဲ့ မူဝါဒ တစ်ခု ရှိပါတယ်။ ငွေလဲနှုန်းတွေကို ဈေးကွက်ကသာ ဆုံးဖြတ်သင့်တယ်ဆိုတဲ့ မူဖြစ်ပါတယ်။
ဒါပေမဲ့  အလွန်အကျွံ စနစ်မကျတဲ့ ငွေလဲနှုန်းအရွေ့တွေက တိုးတက်ကြီးထွားမှုကို ထိခိုက်တာကြောင့် G7 အဖွဲ့ဝင်တွေအကြား ငွေလဲနှုန်း အရွေ့တွေကို နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်နိုင်ဖွယ် ရှိပါတယ်။

 Bank of Japan (BOJ) မှ ငွေကြေးသံတမန် Masato Kanda က သတင်းထောက်တွေကို ပြောကြားရာမှာ "ရတတ်သမျှ ရွေးစရာ နည်းလမ်းအားလုံးဖြင့် အလိုက်သင့် တုံ့ပြန်ပါမယ်" လို့ ပြောကြားပါတယ်။
 
ကြေညာချက် ထုတ်ပြန်ပြီးချိန်မှာ အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းမှာ ယန်း ဈေးပြန်တက်ပြီး ၁ ဒေါ်လာ ၁၃၃.၃၇ ယန်း ဖြစ်လာခဲ့ပြီး ပြန်ကျသွားခဲ့ရာ ၁၃၄.၁၅ ဖြစ်သွားပါတယ်။

တိုကျိုမြို့ရှိ Itochu Economic Research Institute မှ စီးပွားရေးပညာရှင် Atsushi Takeda က "တကယ်လို့ ယန်း ကျဆင်းနေတာ ဒေါ်လာနှင့် လဲနှုန်းမှာ ၁၃၅ အောက်ကို ရောက်သွားပြီး အထိန်းအကွပ်မရှိ စတင်ထိုးဆင်းသွားရင် ဂျပန်အစိုးရက ဝင်ရောက်စွက်ဖက်နိုင်ပါတယ်။ အဲဒီအချိန်မှာ အစိုးရက ဝင်ရောက်ကိုင်တွယ်ဖို့ တကယ် လိုအပ်ပါတယ်" လို့ ပြောကြားပါတယ်။
"ဒါပေမဲ့ အမေရိကန်က ဝင်ပါမှာ မဟုတ်လို့ ဂျပန်က  တစ်ကိုယ်တော် ဝင်ရောက်စွက်ဖက်ရတာ ဖြစ်လိမ့်မယ်။ အမေရိကန်အဖို့ ဂျပန်နှင့် လက်တွဲပြီး 
 ကြားဝင်စွက်ဖက်ဖို့ ထိုက်တန်တဲ့ ဘာအကြောင်းမှ တကယ်မရှိတာပါ" လို့ သူက ပြောပါတယ်။
တိုင်းပြည်စီးပွားရေးက ပို့ကုန်များအပေါ် အကြီးအကျယ် မှီခိုနေသဖြင့်  အစဉ်အလာ ရှိသည်မှာ ဂျပန်က ယန်းဈေး ထိုးတက်လာလျှင် ထိန်းချုပ်ဖို့ကိုသာ စူးစိုက်ထားပါတယ်။ ယန်းဈေး တက်လျှင် ပို့ကုန်ကို ဒေါ်လာဖြင့် တွက်ချက်သည့်အခါ ဈေးကြီးနေမည် ဖြစ်သဖြင့် ယန်း ငွေဈေး အတက်ကြမ်းလျှင် ချုပ်ထိန်းဖို့ ကြိုးပမ်းပါတယ်။ ယန်း ငွေဈေးကျလျှင် အသာလက်ပိုက်ကြည့်နေလေ့ ရှိပါတယ်။

ယခုအခါ ယန်း ငေွဈေးအကျကြမ်းနေလို့  သွင်းကုန် ကုန်ကြမ်းတွေ ဈေးတက်ပါတယ်။ အိမ်ထောင်စုတွေရဲ့ နေထိုင်စရိတ်တွေ မြင့်တက်ပါတယ်။ ကုန်ဈေးနှုန်း မြင့်တက်တာကို ကိုင်တွယ်ပေးဖို့ ဗဟိုဘဏ် BOJ အပေါ် ဖိအား ကျရောက်နေပါတယ်။
ငွေဖောင်းပွတာကို ထိန်းဖို့ ဗဟိုဘဏ်တွေက အတိုးနှုန်းများကို သိသိသာသာ မြှင့်တင်ပါတယ်။ BOJ က ဘဏ်အတိုးနှုန်းများကို အနိမ့်မှာပဲ ထားပါတယ်။ 
BOJ အုပ်ချုပ်ရေးမှူး Haruhiko Kuroda က  အိမ်ထောင်စုတွေက ကုန်ဈေးန‌ှုန်း တက်တာကို လက်သင့်ခံလာကြပါပြီလို့ တနင်္လာနေ့မှာ ပြောကြားခဲ့လို့ လူအများ မကျေမနပ်ဖြစ်ကုန်ကြလို့ အင်္ဂါနေ့မှာ တောင်းပန်စကား ပြောကြားခဲ့ရပါတယ်။
#MyanmarIndustryGuide 

Banking & Loan Read 1027 times