မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီ ၇၀%  လုပ်ငန်းဆက်လက်လုပ်ကိုင်မည်


11 January, 2022

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီ ၇၀%  လုပ်ငန်းဆက်လက်လုပ်ကိုင်မည်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက် ရှိသော ဂျပန်ကုမ္ပဏီများတွင် ၇၀%ခန့်သည် လုပ်ငန်းလည်ပတ်လျက်ရှိသည်ကို ဆက်လက်ထိန်းသိမ်းထားခြင်း သို့မဟုတ် ချဲ့ထွင်ခြင်းပြုကြကြောင်း JETRO  ဟု အတိုကောက်အားဖြင့် လူသိများသော Japan External Trade Organization ၏ စစ်တမ်းတွင် ဖော်ပြထားသည်။ အာဏာသိမ်းခြင်းနှင့် ကိုဗစ်တို့ကြောင့် စီးပွားရေး အပြင်းအထန် ထိခိုက်သော်လည်း တစ်နှစ်တန်သည် နှစ်နှစ်တန်သည် ဆက်လက် လုပ်ကိုင်ကြမည် ဖြစ်သည်။

JETRO စစ်တမ်းတွင် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီများတွင် ၅၂.၃%သည် မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသည့် ရေချိန်ကို ဆက်ထိန်းထားမည်ဟု ဖြေဆိုသည်။ ၁၃.၅% က လုပ်ငန်းကို ချဲ့ထွင်မည်ဟု ဖြေဆိုသည်။ ၂၇.၅% က လျှော့ချလုပ်ကိုင်မည်ဟု ဖြေဆိုသည်။ ၆.၇% က တိုင်းပြည်မှ ဆုတ်ခွာမည် သို့မဟုတ် အခြားနိုင်ငံသို့ ပြောင်းရွှေ့ပြီး လုပ်ကိုင်မည်ဟု ဖြေဆိုသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးအခြေအနေ ဆက်လက်ဆိုးရွားနေဦးမည်ဆိုပါက ဂျပန်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်ငန်းလည်ပတ်မှုကို လျှော့ချရန် သို့မဟုတ် ရုပ်သိမ်းရန်မှတပါး ရွေးချယ်စရာမရှိတော့ကြောင်း  JETRO စစ်တမ်း ဒီဇင်ဘာ ၉ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် အဖွဲ့အစည်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) မှ မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၁၇.၉ ရာခိုင်နှုန်း ကျုံ့ဝင်မည်ဟု ကြိုတင်ခန့်မှန်းသည်။ ၂၀၂၁ ဧပြီလတွင် ခန့်မှန်းချက်ထက် ၉.၀ ရာခိုင်နှုန်း လျှော့ချခန့်မှန်းလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် မြန်မာ့ပြည်တွင်း အသားတင် ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်တွင် 0.1 ရာခိုင်နှုန်း ကျုံ့နိုင်မည်ဟု ခန့်မှန်းထားသည်။

JETRO စစ်တမ်းအရ ဖြေဆိုသူ ၆၃.၆ရာခိုင်နှုန်းသည် ၎င်းတို့၏ ၂၀၂၁ခုနှစ် လုပ်ငန်းလည်ပတ်မှုအမြတ်အစွန်းသည် ယခင်နှစ်ထက် ကျဆင်းမည်ဟု မျှော်လင့်ထားကြပြီး ၂၇.၈ ရာခိုင်နှုန်းက ယခင်နှစ်အတိုင်း တူညီသောအမြတ်အစွန်းကို ရနိုင်မည်ဟု ခန့်မှန်းထားကြသည်။

ဂျပန်အစိုးရကျောထောက်နောက်ခံပြုအဖွဲ့အစည်းဖြစ်သော JETRO က ဩဂုတ်လနှင့်စက်တင်ဘာလတွင် ကောက်ယူခဲ့သော စစ်တမ်းကို ကုမ္ပဏီပေါင်း ၁၈၀ ခန့်က တုံ့ပြန်ဖြေဆိုခဲ့သည်။ ဇွန်လကုန်တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်ကုမ္ပဏီ စုစုပေါင်း ၄၃၃ ခု  ရှိသည်။ 

အဘယ်ကြောင့် မြန်မာနိုင်ငံမှ လုပ်ငန်းများကို လျှော့ချခြင်း၊ နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်ရသနည်းဟု မေးမြန်းရာတွင် ဖြေဆိုသူ ၆၈.၄ ရာခိုင်နှုန်းက အရောင်းကျဆင်းနေသောကြောင့်ဟု အကြောင်းပြသည်။ ၅၀.၉ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနိမ့်ကျနေခြင်းနှင့် အလားအလာများကြောင့်ဟု ဖြေဆိုသည်။

မတည်ငြိမ်သော နိုင်ငံရေးအခြေအနေနှင့် တိုင်းပြည်အနာဂတ်အတွက် မရေရာမှုများကြောင့် တစ်စထက်တစ်စ ပိုမိုယိုယွင်းလာနေသော စီးပွားရေးပတ်ဝန်းကျင်ကို အချို့က ထောက်ပြကြသည်။

ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီအသစ်များ ပေးအပ်ခြင်းကို ရပ်ဆိုင်းထားသည့်အတွက် ဆောက်လုပ်ရေး ကုမ္ပဏီအများအပြား လုပ်ငန်း ရပ်ဆိုင်းထားရသည်။

Investment/Divestment Read 18421 times