ပြည်ပလုပ်သား ၅ သိန်း ခန့်ထားမည့် ဂျပန်နိုင်ငံ၏ မူဝါဒသစ်


07 October, 2018

ဂျပန်နိုင်ငံမှ အိုင်တီကုမ္ပဏီများက လူသစ်စုဆောင်းသည့်ပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၇ ရက်က ရန်ကုန်မြို့ Gandamar Wholesale Center ရှိ Gandamar Ballroom တွင် ဂျပန်အလုပ်အကိုင် အေးဂျင်စီတစ်ခုဖြစ်သော GICMyanmarက ကြီးမှူးပြီး သတ္တမအကြိမ်မြောက် ကျင်းပခဲ့သည်။ စိတ်ဝင်စားသူ လူငယ် တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြသည်။ မန္တလေးမြို့တွင် အောက်တိုဘာလ ၆ ရက်နေ့က ကျင်းပခဲ့ပြီး နောက်တစ်နေ့ အောက်တိုဘာလ ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခြင်း ဖြစ်သည်။

ဂျပန်အလုပ်အကိုင်အေဂျင်စီ GICMyanmar၏ စီအီးအိုက ပူးပေါင်းပါဝင်သည့် ဂျပန်အိုင်တီလုပ်ငန်းများက လူသစ်စုဆောင်းပုံ သဘောသဘာဝကို ရှင်းပြခဲ့သည်။

ပညာသင်ကာလဖြင့် အစပြု
************
လူသစ်များ ခန့်ထားရာ၌ ပညာရေးအစီအစဉ်ကို ထည့်သွင်းထားသည်။ တက္ကသိုလ်ကျောင်းဆင်းပြီးခါစ လူငယ်များကို အလုပ်ခန့်ထားရန် ရွေးချယ်သည်။ ထို့နောက် ဂျပန်စာ သင်စေသည်။ စာမေးပွဲ ဖြေစေသည်။ တစ်ချိန်တည်းမှာပင် လုပ်ငန်းခွင်ဝင်ရန် တတ်မြောက်ထားသင့်သည့်ပညာများကိုလည်း သင်ကြားပေးသည်။ ထိုသို့ ပညာသင်ကာလတွင် ထိုက်သင့်သော လခ ပေးထားသည်။ လစာမှာ ကျပ်နှစ်သိန်းသုံးသိန်းမှစတင်ပြီး လေးသိန်းငါးသိန်းအထိ ရှိသည်ဟု သိရသည်။ တက်ရောက်ရသော သင်တန်းများအတွက် သင်တန်းကြေးများကို ကုမ္ပဏီမှ ကျခံသည့်အပြင် အိမ်မှ သင်တန်း အသွားအပြန်အတွက် ဘတ်စ်ကားခကိုလည်း လစဉ် ရှင်းပေးသေးသည်။

ထိုသို့သော ပညာရေးအစီအစဉ် ကျင့်သုံးသဖြင့် စစချင်းတွင် အလုပ်အကိုင်အေဂျင်စီနှင့် ပူးပေါင်းလုပ်ကိုင်သော လုပ်ငန်း တစ်ခုသာ ရှိခဲ့သည်။ ထိုသို့ ပညာရေးအစီအစဉ်ကျင့်သုံးသည့် မူဝါဒကြောင့် အဆင်ပြေပြီး အောင်အောင်မြင်မြင်ဖြစ်သည်ကို တွေ့ရသောအခါ အခြားကုမ္ပဏီများ ပါဝင်ပူးပေါင်းလာကြသည်။ ယခုအခါ ကုမ္ပဏီပေါင်း ၄၀ ကျော် အတူပါဝင်လုပ်ကိုင်နေကြသည်ဟု သိရသည်။

ဘွဲ့ရခါစ လူငယ်တို့အနေဖြင့် လုပ်ငန်းခွင်ထဲ တန်းဝင်ဖို့ဆိုသည်မှာ ခက်ခဲသည်။ လုပ်ငန်းအများစုသည် တတ်ပြီးသား၊ လုပ်သက်ရှိပြီးသားတို့ကိုသာ ရွေးချယ်ခန့်ထားကြသည်။ သို့ဖြစ်ရာ ဘွဲ့ရခါစ လူငယ်တို့အဖို့ အလုပ်ကောင်းကောင်းကို ရဖို့ ခဲယဉ်းသည်။ ယခုလို ပညာရေးအစီအစဉ် ထည့်သွင်းပေးခြင်းကြောင့် လုပ်တတ်ကိုင်တတ်သော လူသစ်များကို မွေးထုတ်ပေးသဖြင့် အလုပ်ခွင်တွင် အဆင်ပြေသွားသည်။
ပြဿနာတစ်ခုမှာ သင်တန်းများကို ကုမ္ပဏီမှ အကုန်အကျခံခါ သင်ကြားပေးသည့်အပြင် ပညာသင်ကာလတွင် လခပေးထားသော်လည်း တကယ်တတ်မြောက်သွားသည့်အခါ အလုပ်ထွက်သွားသည့်သူများ ရှိနေခြင်း ဖြစ်သည်။ အချို့မှာ သင်တန်းများကို အောင်မြင်ပြီးဆုံးသည်အထိ သင်ယူနိုင်ခြင်း မရှိသည်ကိုလည်း ကြုံရသည်။ စာမေးပွဲ မအောင်သဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရမည့် အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသူများလည်း ရှိသည်။

ပြည်ပလုပ်သား ခေါ်သုံးသည့် မူဝါဒ
***********
ဂျပန်နိုင်ငံသည် လုပ်သား မလုံလောက်ခြင်းကြောင့် စီးပွားရေးတိုးတက်မှုကို အဟန့်အတား ဖြစ်နေသည်။ သို့ဖြစ်ရာ ပြည်ပလုပ်သားများကို တံခါးဖွင့်သည် မူဝါဒကို စတင်ကျင့်သုံးခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ပြည်တွင်း လုပ်သားဈေးကွက်ကို ဖြည့်တင်းရန် ပြည်ပလုပ်သား ငါးသိန်းအထိ ဖြည့်တင်းမည် ဖြစ်ပေရာ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဟိုတယ်၊ သက်ကြီးရွယ်အို စောင့်ရှောက်ခြင်းတို့တွင် အဓိကအားဖြင့် အလုပ်အကိုင်များ ရရှိကြမည် ဖြစ်သည်။

ဂျပန်နိုင်ငံ လူဦးရေသည် သန်း ၁၀၀ တွင် ဆက်ထိန်းထားရာ၌ အသက်အရွယ် အိုမင်းသဖြင့် လုပ်သားအင်အားစုမှ အငြိမ်းစားယူကြသောကြောင့် လျော့ကျသွားမည့် လုပ်သားဦးရေသည် ၂၀၃၀ ခုနှစ်တွင် ၈ သန်းနီးပါးရှိမည်။ ထိုလစ်ဟာမှုကို ဂျပန်နိုင်ငံသား လုပ်သားများဖြင့် အလျဉ်မီအောင် အစားထိုးနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ လုပ်သားမလုံလောက်မှု ပြဿနာတွင် ဘူးလေးရာ ဖရုံဆင့်ခြင်း ဖြစ်သည်။ ခန့်မှန်းတွက်ချက်မှုများအရ ဂျပန်နိုင်ငံသည် ပြည်ပလုပ်သား နှစ်သိန်းကို နှစ်စဉ် လက်ခံပေးဖို့ လိုသည်။ လူဦးရေတိုးပွားရန်အတွက် မွေးဖွားနှုန်းကိုလည်း လက်ရှိ ၁ ဒဿမ ၄၂ မှ ၂၀၃၀ ခုနှစ်တွင် ၂ ဒဿမ ၀၇ သို့ တိုးပေးရမည် ဖြစ်သည်။
ယခု ပြည်ပလုပ်သား ငါးသိန်း လက်ခံရန် မူဝါဒချမှတ်ခြင်းကို ၇ နှစ်တာကာလဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပျမ်းမျှအားဖြင့် နှစ်စဉ် လုပ်သားဦးရေ ၇ သောင်းကျော်ကို လက်ခံသွားမည် ဖြစ်သည်။

ထိုသို့ ပြည်ပလုပ်သားခေါ်သွင်းရာ၌ အဆင့်မြင့်တတ်ကျွမ်းလုပ်သားများကိုသာမက အဆင့်နိမ့်တတ်ကျွမ်းလုပ်သားများကို ယခုထက် ပိုမိုခေါ်ယူသွားမည် ဖြစ်သည်။ သို့ဖြစ်ရာ ဂျပန်နိုင်ငံမှာ အိုင်တီနည်းပညာရှင်အဖြစ် အာရှမှ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား အစရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဘွဲ့ရပြီးခါစ လူသစ်တန်း လူငယ်များကို ယခုလို ပညာရေးအစီအစဉ်ဖြင့် အလုပ်ခန့်ထားဖို့ ကြိုးပမ်းအားထုတ်မှုတစ်ခု ဖြစ်သည်။ သင်တန်းများ ပို့ချပေးပြီး တတ်ကျွမ်းမှုကို တည်ဆောက်ပေးပြီးမှ ပြည်ပလုပ်သားအဖြစ် ဂျပန်နိုင်ငံတွင် သုံးနှစ်သက်တမ်းစာချုပ်ဖြင့် လုပ်ကိုင်စေသည်။

Laws and Regulations Read 7037 times