ဂျပန်နိုင်ငံ ဗဟိုအစိုးရ၏ ဌာနအသီးသီး၌ အလုပ်လုပ်ကိုင်နေကြသည့် အစိုးရဝန်ထမ်းများတွင် လူငယ်ဝန်ထမ်းများ၏ အချိန်ပိုအလုပ်ဆင်း လုပ်ကိုင်ရသော အနေအထားကြောင့် အသက်(၂၀)ကျော်အရွယ် ဝန်ထမ်းငယ်များအနက် (၃၀)ရာခိုင်နှုန်း၏ အချိန်ပိုဆင်းချိန်သည် အပင်ပန်းလွန်၍ သေဆုံးနိုင်သည့် သတ်မှတ်လိုင်းထက် ကျော်လွန်နေကြောင်း ဂျပန်အစိုးရ၏ ဒီဇင်ဘာ ၂၅ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြို့တော် တိုကျိုရှိ ဗဟိုအစိုးရ ဌာနအသီးသီး၌ အလုပ်လုပ်ကိုင်နေသည့် အစိုးရဝန်ထမ်းပေါင်း (၅)သောင်းကျော်တွင် အောက်တိုဘာလ၏ နေ့စဉ်ပျမ်းမျှ အချိန်ပိုဆင်းချိန်သည် ၁ နာရီ မိနစ် ၅၀ ရှိပြီး နိုဝင်ဘာလတွင် ၂ နာရီ ၁ မိနစ် ခန့်ရှိကြောင်း အစိုးရအဖွဲ့ဝန်ထမ်းရေးရာဌာန၏ လေ့လာချက်များအရ သိရသည်။ အသက်(၂၀)မှ (၃၀)အတွင်း လုပ်ငန်းဆောင်တာအထွေထွေကို တာဝန်ယူရသည့် ဝန်ထမ်းများ၏ အချိန်ပိုဆင်းချိန်သည် အထူးကြာမြင့်ရာ အောက်တိုဘာလတွင် နေ့စဉ် ပျမ်းမျှ ၂ နာရီ ၅၅ မိနစ် ရှိပြီး နိုဝင်ဘာလ ၃ နာရီ ၂၁ မိနစ်ရှိကြောင်း သိရသည်။
လုပ်ငန်းဆောင်တာအထွေထွေကို တာဝန်ယူရသည့် ဝန်ထမ်းများသည် ဌာန၏ လျာထားရွေးချယ်ခြင်းခံရသူများဖြစ်သည်။ ၎င်းတို့ထဲမှ အသက်(၂၀)ကျော်နှင့် (၃၀)ကျော် ဝန်ထမ်းတို့တွင် (၃၀)ရာခိုင်နှုန်းနှင့် (၁၅)ရာခိုင်နှုန်းခန့်သည် လစဉ် အချိန်ပိုအလုပ်ချိန် နာရီ(၈၀)ကျော် ရှိကြောင်း သိရသည်။အချိန်ပို နာရီ(၈၀)သည် အပင်ပန်းလွန်၍ သေဆုံးနိုင်သည့် သတ်မှတ်လိုင်းဖြစ်ကြောင်း ဂျပန် မီဒီယာများ က ဆိုသည်။
လွှတ်တော်အမတ်များ၏ မေးမြန်းမှုကို အကြောင်းပြန်ပေးရန်၊ မူဝါဒရေးဆွဲရန်၊ဘတ်ဂျက်ရေးဆွဲရေးလုပ်ငန်းများအတွက် အချိန်ပိုဆင်းရခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ဝန်ထမ်းရေးရာဌာနက ဆိုသည်။
လူငယ်အစိုးရဝန်ထမ်းများ၏ အချိန်ကျော်လွန်အလုပ်လုပ်ကိုင်မှုအခြေအနေ အတော်ဆိုးဝါးခြင်းသည် ၎င်းတို့ အချိန်မတန်မီအလုပ်နုတ်ထွက်ရသည့် အကြောင်းအရင်း ဖြစ်နိုင်ကြောင်း ဂျပန် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဝန်ကြီး Tarō Kōnoက ဒီဇင်ဘာ ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
(Xinhua)