ဂျပန်ကုမ္ပဏီနှစ်ခုက လျှပ်စစ်ကဏ္ဍတွင် မြှုပ်နှံရန် ထိုင်းကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူ


20 May, 2019

အလုံမြို့နယ်ရှိ ၁၂၁ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၏ ရှယ်ယာ ၅၇ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံအခြေစိုက် TTCL ကုမ္ပဏီထံမှ ဂျပန်ကုမ္ပဏီနှစ်ခုက ဝယ်ယူခဲ့တယ်လို့ အဆိုပါ ဂျပန်ကုမ္ပဏီများက သတင်းထုတ်ပြန်ထားပါတယ်။

ရှယ်ယာဝယ်ယူခဲ့တဲ့ ဂျပန်ကုမ္ပဏီတွေက Shikoku Electric Power နဲ့ Chugoku Electric Power တို့ဖြစ်ပြီး ၎င်းကုမ္ပဏီနှစ်ခုက ရှယ်ယာ ၂၈.၅ ရာခိုင်နှုန်းစီနဲ့ ထိုင်း TTCL ကုမ္ပဏီက ကျန် ၄၃ ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်ပါတယ်။

အဆိုပါ ဂျပန်ကုမ္ပဏီများ ဝယ်ယူခဲ့တဲ့ အလုံဓာတ်အားပေးစက်ရုံက ၂၀၁၃ ဧပြီတွင် စတင်လည်ပတ်နေပြီး ၂၀၄၃ မေလအထိ နှစ် ၃၀ ကြာ စီမံကိန်းအဖြစ် ဂျပန်နှင့် ထိုင်းကုမ္ပဏီများက ဆက်လက်လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။

ကုမ္ပဏီတစ်ခုစီရဲ့ ရှယ်ယာတန်ဖိုးက ကန်ဒေါ်လာ ၃၇ သန်းနဲ့ ၄၆ သန်း ကြားရှိမယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။

မြန်မာနိုင်ငံက လျှပ်စစ်ကဏ္ဍမှာ ဈေးကွက်လိုအပ်ချက် မြင့်မားလာ၍ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်မယ့်နေရာတစ်ခုအဖြစ် သတ်မှတ်ထားတယ်လိုှ့ Chugoku Electric ကုမ္ပဏီက မေလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ယခင်အစိုးရလက်ထက်က လှော်ကား၊ ရွာမ၊ အလုံနဲ့ သာကေတတို့မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၂၀ ထုတ်လုပ်နိုင်တဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ခွင့်ပြုပေးခဲ့ပါတယ်။

ထိုင်း TTCL ကုမ္ပဏီကို အလုံမြို့နယ်တွင် LNG (သဘာဝဓာတ်ငွေ့ရည်) အသုံးပြု၍ ဓာတ်အား ၃၈၈ မဂ္ဂါဝပ်ထုတ်လုပ်မယ့် စီမံကိန်း လုပ်ကိုင်ရန် လက်ရှိအစိုးရက ၂၀၁၈ မှာ ထပ်မံခွင့်ပြုပေးထားပါတယ်။ အဆိုပါ စီမံကိန်းဟာ ဒေါ်လာသန်း ၅၀၀ အကုန်အကျခံပြီး ၂ နှစ်ကြာ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် TTCL ကုမ္ပဏီက ကရင်နဲ့ မွန်ပြည်နယ်မှာ မဂ္ဂါဝပ် ၁,၂၀၀ ကျော်စီ ထုတ်လုပ်မယ့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံနှစ်ခုကို တည်ဆောက်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကန့်ကွက်မှုများကြောင့် ရပ်တန့်ထားရပါတယ်။

 7Day Daily 

Investment/Divestment Read 682 times