ဂျပန် AEON ဖက်စပ်ကုမ္ပဏီ ပြည်တွင်း၌ ပထမဆုံး လက်လီရောင်းခွင့်ရ


26 October, 2018

ဂျပန် AEON ကုမ္ပဏီ ကို ပြည်တွင်းရှိ Orangeနှင့် အကျိုးတူပူးပေါင်း၍ လက်လီပစ္စည်း ၁၅ မျိုးရောင်းချခွင့်ပြု ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ထိုသို့ရောင်းချရန် ဂျပန်ကုမ္ပဏီက AEON Orange ကုမ္ပဏီအဖြစ် ရရှိခြင်းဖြစ်ပြီး ပြည်တွင်းရှိ စီးတီးမတ် ကုမ္ပဏီနှင့်အတူ အောက်တိုဘာ ၁၀ ရက် စွဲဖြင့် ပထမဆုံး လက်လီလုပ်ငန်းလိုင်စင် စတင်ရရှိခြင်းဖြစ်သည်။

MYCARE Unicharm နှင့် Pacific Andaman (SEA) ကုမ္ပဏီတို့ကိုလည်း ဝန်ကြီးဌာနက လက်ကားရောင်းချခွင့် ခွင့်ပြုခဲ့သည်။

AEON Orange ကို ဂျပန်နိုင်ငံ AEON ကုမ္ပဏီနှင့် ပြည်တွင်းရှိ Creating Myanmar ကုမ္ပဏီအုပ်စုတို့ အကျိုးတူပူးပေါင်း၍ ၂၀၁၆ ဧပြီက ထူထောင်ပြီး မြန်မာနိုင်ငံ၌ အရောင်းစင်တာ ၁၄ ခုဖွင့်လှစ်ရန် စီစဉ်ခဲ့သည်။၂၀၁၆ စက်တင်ဘာ ၃၀ ရက်တွင် ပထမဆုံးအရောင်းစင်တာကို မြောက်ဥက္ကလာပမြို့နယ်၌ ဖွင့်လှစ်ခဲ့သည်။

စီးပွားကူးသန်းဝန်ကြီးဌာနသည် နိုင်ငံခြားသားကုမ္ပဏီ၊ နိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ဖက်စပ် ကုမ္ပဏီများအား ပြည်တွင်း၌ လက်လီ၊ လက်ကားရောင်းချခွင့်ကို မေလ ၉ ရက်တွင် စတင်ခွင့်ပြုခဲ့သည်။

ထိုသို့ခွင့်ပြုခြင်းသည် စားသုံးသူများအပေါ် အမြတ်ထုတ်ခြင်းမရှိစေရန်နှင့် ဈေးကွက်စည်းမျဉ်းများနှင့်အညီ ယှဉ်ပြိုင်မှုတိုးလာစေရန်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် ဝန်ကြီးဌာနသို့ လက်လီ၊ လက်ကားအရောင်းစင်တာများ ဖွင့်လှစ်ရောင်းချရန် ဂျပန်၊ ထိုင်း၊ ကိုရီးယားကုမ္ပဏီ များလာရောက်ညှိနှိုင်းနေကြောင်း အဆိုပါဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးရန်နိုင်ထွန်းက ပြောထားသည်။

နိုင်ငံခြားသား ကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းတွင် လက်လီ၊ လက်ကား အရောင်းစင်တာများဖွင့်လှစ်ပါက အဝတ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများပါဝင်သည့် ဦးစားပေးကုန်ပစ္စည်း ၂၄ မျိုးကို ဝန်ကြီးဌာနက သတ်မှတ်ထားသည်။

ထို့အပြင်အဆိုပါ ကုမ္ပဏီများသည် လက်လီ၊ လက်ကားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက လက်လီလုပ်ငန်း၌ ဒေါ် လာ သုံးသန်းကနဦးမတည်ရမည်ဖြစ်ပြီး လက်ကားလုပ်ငန်းအတွက် ဒေါ်လာငါးသန်းရင်းနှီးမြှုပ်နှံရမည်ဟု သတ်မှတ်ထားသည်။ ထိုပမာဏတွင် မြေငှားရမ်းခများ ပါဝင်ခြင်းမရှိစေရဟု ကန့်သတ်ထားသည်။

နိုင်ငံခြားနှင့် နိုင်ငံသား အကျိုးတူပူးပေါင်းထားပါက မြန်မာနိုင်ငံသားရှယ်ယာ ၂၀ ရာခိုင်နှုန်းပါဝင်လျှင် လက်ကားရောင်းချခြင်းအတွက် ဒေါ်လာနှစ်သန်းနှင့် လက်လီအတွက် ဒေါ်လာ ခုနစ်သိန်းအထက်ရှိရမည်ဟု ဆိုသည်။

ပြည်ပလုပ်ငန်းရှင်များက လက်ကားရောင်းချဖြန့်ဖြူးခြင်းကို ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ပါက ရောင်းမည့်ကုန်ပစ္စည်း အပေါ် ကနဦးရင်းနှီးမ,တည်ငွေပမာဏသည် မြေငှားရမ်းခမပါ ဒေါ်လာငါးသန်းနှင့်အထက်ရှိရမည်ဟု သတ်မှတ်ထားပြီးလက်လီဖြစ်ပါက မြေငှားရမ်းခမပါ ဒေါ်လာသုံးသန်းနှင့်အထက်ရှိရမည်ဟု သတ်မှတ်ထားသည်။ သို့သော် မြန်မာနိုင်ငံသားနှင့်ပူးပေါင်းလုပ်ကိုင်သော ကုမ္ပဏီဖြစ်ပါက လက်ကားရောင်းချခြင်းအတွက် ရောင်းချမည့် ကုန်ပစ္စည်းအပေါ် ကနဦး မ,တည်မြှုပ်နှံမှု ပမာဏ မြေငှားခမပါ ဒေါ်လာနှစ်သန်းနှင့်အထက်ရှိရမည်ဖြစ်ပြီး လက်လီမှာ ဒေါ် လာခုနစ်သိန်းနှင့်အထက်ရှိရမည်ဖြစ်သည်။

7 day

Local News Read 709 times