ယခုနှစ်တွင် ဂျပန်မှ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများ ၁၇၀၀ ကျော်တို့ ဂျပန်အစိုးရရဲ့ တိုက်တွန်းအားပေးမှုဖြင့် တရုတ်နိုင်ငံမှ ထွက်ခွာကြတယ်။ ဂျပန်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြို့ကြီးတွေမှာ စက်ရုံတွေ ပိတ်သိမ်းတာကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များအဖို့ စိုးရိမ်စရာ ဖြစ်လာတယ်။ အဲဒီခရိုင်တွေမှာ ဂျီဒီပီ ကျဆင်းမယ်။ ဘဏ္ဍာရေးဝင်ငွေ ကျဆင်းမယ်။ အလုပ်အကိုင်တွေ ဆုံးရှုံးကုန်တယ်။
ဂျပန်ကုမ္ပဏီ တွေ အလုံးအရင်းဖြင့် တရုပ်ပြည်မှ ထွက်ခါစဖို့ အစပြုခဲ့တာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ပင်လယ်ရပ်ခြားမှာ လုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီတွေ ပြည်တွင်းကို ပြန်ရွှေ့ကြဖို့၊ တရုတ်တစ်နိုင်ငံတည်းမှာ စုပြုံမနေဘဲ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဖြန့်ပြီး နေရာယူဖို့ ပြောကားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ ဖြစ်ပါတယ်။
Covid-19 ကူးစက်ရောဂါကြောင့် တရုတ်ပြည်မှ ပေးသွင်းမှုတွေ ရပ်ဆိုင်းကုန်တဲ့အခါ အလုပ်တွေ ရပ်ထားရတဲ့အဖြစ်ကို ဂျပန်ကုမ္ပဏီတွေ ရင်ဆိုင်ရတယ်။ သိသာထင်ရှားသွားတာက ကမ္ဘာ့တတိယ အကြီးမားဆုံး စီးပွားရေးဖြစ်တဲ ဂျပန်နိုင်ငံ စီးပွားရေးဟာ အစစ အရာရာ တရုတ်ပြည်ကို မှီခိုနေရတယ်ဆိုတဲ့ အားနည်းချက် ဖြစ်ပါတယ်။ အဲဒီအားနည်းချက် လျော့ပါးအောင် ပြည်တွင်မှာ ဖြစ်ဖြစ်၊ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဖြစ်ဖြစ် ဖြန့်ကျက် လုပ်ကိုင်ကြဖို့ တိုက်တွန်းအားပေးတာ ဖြစ်ပါတယ်။
အခုလို ရွှေ့ပြောင်းရတာအတွက် လိုအပ်တဲ့ ဘတ်ဂျက်တွေအတွက် အထောက်အပံ့အဖြစ် ဂျပန်အစိုးရက ၂၄၃.၅ ဘီလီယံယန်း သုံးစွဲမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၂.၃၅ ဘီလီယံနဲ့ ညီမျှတဲ့ ပမာဏ ဖြစ်ပါတယ်။ အခုလို ထောက်ပံ့ငွေပါ ပေးပြီး လက်တွေ့ကျကျ မူဝါဒ ကျင့်သုံးတာကြောင့် အောင်မြင်မှု ရရှိတယ်လို့ ဂျပန် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနက ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ထုတ်ပြန်တဲ့ စာရင်းအရ တရုတ်ပြည်မှာ ဂျပန်ပြည်သို့ ဂျပန်ကုမ္ပဏီ ၅၇ ခု ရွှေ့ပြောင်းခဲ့ကြတယ်။ နောက်ထပ် ကုမ္ပဏီ ၃၀ တို့က အာဆီယံနိုင်ငံတွေဆီကို ရွှေ့ပြောင်းခဲ့ကြတယ်။ တတိယသုံးလပတ် အကုန်မှာ ရွှေ့ပြောင်းဖို့အတွက် ထောက်ပံ့ငွေ လျှောက်ထားတဲ့ ကုမ္ပဏီ ၁,၇၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ အရွှေ့အပြောင်းတွေကို ကူညီဖို့ နေရာသစ်တွေ ရှာပေးဖို့ လုပ်ငန်းအင်အားအဖွဲ့ task force ကို ထူထောင်ထားပြီး လုပ်ဆောင်ပေးနေတယ်လို့ ဘီဂျင်းမြို့တော်ရှိ ဂျပန်သံရုံးမှ ပြောကြားခဲ့ပါတယ်။
Japan Inc လို့ ဂျပန်လုပ်ငန်းတွေကို အကုန်လုံး သိမ်းကျုံးပြီး ရည်ညွှန်းပြောဆိုလေ့ရှိပြီး တရုတ်ပြည် မြို့ကြီးတွေထံမှ အရှေ့တောင်အာရှဆီ Japan Inc တွေ ရွှေ့ပြောင်းတာမှာ အားလုံးနီးပါးဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ဖြစ်တယ်လို့ စင်ဟွာသတင်းဌာနက သတင်းမှာ ဖော်ပြခဲ့ပါတယ်။ သူတို့ လုပ်ကိုင်တဲ့ လုပ်ငန်းအမျိုးအစားက ကုန်ထုတ်လုပ်မှု ဖြစ်ပြီး မတ်စ်၊ ဆေးဘက်ဆိုင်ရာ ပစ္စည်း၊ ကိရိယာနဲ့ စက်တွေ၊ တိုးတာစစ်ဆေးတဲ့ စက်ကိရိယာတွေကို ထုတ်လုပ်ကြတဲ့ လုပ်ငန်းတွေက အများစု ဖြစ်ပါတယ်။
နိုင်ငံပိုင် မီဒီယာ စင်ဟွာက စစ်တမ်းကောက်ယူခဲ့တာမှာ ဂျပန်မှ ရင်းနှီးမြှုပ်နှံထားတဲ့ ကားထုတ်လုပ်ရေး၊ စီးပွားကူးသန်းရေး၊ ဘဏ္ဍာရေး လုပ်ငန်းတွေအနေဖြင့် တရုတ်ပြည်မှ ထွက်ခွာဖို့အစီအစဉ် မရှိကြောင်း သိရကြောင်းလည်း ဖော်ပြထားပါတယ်။
ဂျပန် ဆေးဝါးထုတ်လုပ်ရေးနဲ့ တကိုယ်ရေကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ ထုတ်လုပ်တဲ့လုပ်ငန်း I’m Corporation က ဂျပန်နိုင်ငံမှာ စက်ရုံသစ် တည်ဆောက်ဖို့ ပန္နက်တင်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ယခုလို တရုတ်ပြည်မှ စက်ရုံကို ဂျပန်မှာ ရွှေ့ပြောင်းခဲ့ပေမဲ့ တရုတ်ပြည်မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်း စူကျိုမှာ ရှိတဲ့ စက်ရုံကို ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဂျပန်လုပ်ငန်းတွေကြောင့် ဘဏ္ဍာဝင်ငွေတွေ ရတဲ့အပြင် အလုပ်အကိုင်တွေလည်း ဖန်တီးပေးထားတာနိုင်တာမို့ တရုတ်နိုင်ငံ မြို့ကြီးတွေမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဂျပန်ကုမ္ပဏီတွေကို ဆက်လက်လုပ်ကိုင်စေလိုကြတယ်။ ဆက်လက်လုပ်ကိုင်ချင်အောင် မက်လုံးတွေလည်း ဖန်တီးပေးတယ်။
ဂွမ်ဒေါင်ပြည်နယ်မှ ကွမ်ကျိုမြို့မှာ ဂျပန်ကားလုပ်ငန်းတွေ ဖြစ်ကြတဲ့ Toyota, Honda, Nissan နဲ့ Mitsubishi တို့ မော်တော်ယာဉ်နဲ့ မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်မှုတွေ လုပ်ကိုင်နေကြတာအတွက် အခွန်လျှော့ပေါ့ပေးလိုက်တယ်။
ဂွမ်ကျို မြူနီစပယ်နဲ့တကွ အစိုးရဌာနတွေက ဌာနသုံး မော်တော်ယာဉ်တွေ ဝယ်ယူတဲ့အခါ ဂျပန်ကားကိုသာ ဝယ်ဖို့ ပြဌာန်းထားတယ်။ မြို့တော်ဝန်နဲ့ ပါတီခေါင်းဆောင်တို့က ဟွန်ဒါ ဆီဒင်ကား ဝယ်စီးကြတယ်။
Toyota နဲ့ ဖက်စပ်လုပ်ငန်း ထူထောင်ပြီး လျှပ်စစ်ကားတွေနဲ့ လျှပ်စစ်ဓာတ်ဆီကားတွေ ထုတ်လုပ်တယ်။ တကယ်တော့ Toyota ရဲ့ မူလအစီအစဉ်က ကားစက်ရုံကို မလေးရှားမှာ လုပ်ကိုင်ဖို့ ဖြစ်ပြီး ကွမ်ကျိုမြို့မှ အာဏာပိုင်တွေရဲ့ တိုက်တွန်းအားပေးမှုကြောင့် ကွမ်ကျိုမြို့မှာ စက်ရုံထူထောင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
အစိုးရပိုင် Guangzhou Automobile Group က Toyota နဲ့ ဖက်စပ်လုပ်ကိုင်တဲ့အတွက် မြို့မှာ တည်ရှိတဲ့ ယာဉ်သုံးစက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်း ၃၀ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ရာချီတဲ့ အလုပ်သမားတွေ အလုပ်ဆက်လက်ရရှိစေခဲ့ပါတယ်။
အစိုးရ တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ အဖွဲ့အစည်း Japan External Trade Organization (JETRO) မှ တရုတ်ပြည်ရှိ ဂျပန်လုပ်ငန်းတွေကို စစ်တမ်းကောက်ယူခဲ့တာမှဦ ဂျပန်လုပ်ငန်း ၃,၅၀၀ ပါဝင်ခဲ့ပြီး ၁၅ % သာ တရုတ်ပြည်မှ ထွက်ခွာခဲ့ကြောင်း သိရတယ်။
ကိုဗစ်ကြောင့် တရုတ်ပြည်မှ ပေးသွင်းမှုတွေ မရရှိခဲ့လို့ လုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားခဲ့ရတာ ဖြစ်လို့ မဟာဗျူဟာအရ ဂျပန်ပြည်တွင်းနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဖြန့်ကျက်ကြတာမှာ ဂျပန်အစိုးရရဲ့ ထောက်ပံ့ငွေအပြင် နောက်ထပ် အကြောင်းအချက် ၂ ခု ရှိနေတယ်။ တစ်ချက်က တရုတ်ပြည်မှာ လုပ်သားခတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုဗစ်ကြောင့် တရုတ်ပြည်တွင်း ဈေးကွက်မှာ ရောင်းအားကျဆင်းနေတာ ဖြစ်ပါတယ်။ တရုတ်ပြည်တွငးဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်တဲ့ စက်ရုံတွေအနေဖြင့် ပြည်တွင်းရောင်းအား ကျဆင်းခြင်းကြောင့် အခက်ကြုံကြရပါတယ်။
လုပ်သားခဟာ ၂၀၁၅ ခုနှစ်မှာ အခြေခံလစာ ၃၄၅ ယွမ်ဖြစ်ပြီး ယခုအခါ ယွမ် ၃,၀၀၀ အထက်မှာ ရောက်နေပါတယ်။ အခြေခံလစာအပြင် အချိန်ပိုလုပ်ခ၊ ဆေးအားမခံ၊ အငြိမ်းစားလစာအတွက် ထောက်ပံ့ငွေ စတာတွေ ထပ်ဆောင်း ပေးရပါတယ်။
အားသာချက်အနေဖြင့် တရုတ်နိုင်ငံမှာ အခြေခံအဆောက်အအုံ ကောင်းမွန်ပြည့်စုံတယ်။ ပေးသွင်းမှုကွင်းချက် ပေါင်းစည်းမှုလည်း ကောင်းတယ်။ ကျွမ်းကျင်လုပ်သားတွေ ရှိနေတယ်။ တစ်နည်းပြောရရင် ရေခံမြေခံကောင်းတယ်။ ရေကန်အသင့်ကြာအသင့် ဖြစ်နေတယ်။
ဂျပန်လုပ်ငန်းကြီးများအနေဖြင့် အမြောက်အမြား ထုတ်လုပ်ဖို့အတွက်ဆိုရင် တရုတ်ပြည်ဟာ အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ နောက်ခံကားချပ်ကို ရရှိတာကြောင့် တရုတ်ပြည်မှာ ထုတ်လုပ်မှုတွေ လုပ်ကိုင်နေတာကို ဆက်လက်လုပ်ကိုင်ရင်း အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း လုပ်ကိုင်သွားကြမှာ ဖြစ်ပါတယ်။