အရေးပေါ်သုံး အရန်ရေနံ စည် ၇.၅ သန်း ဂျပန် ထုတ်သုံးမည်


08 March, 2022

ဂျပန် အရေးပေါ်သုံး အရန်ရေနံ စည် ၇.၅ သန်း ထုတ်သုံးမည်

ဂျပန်နိုင်ငံက အရေးပေါ်သုံး အရန်ရေနံမှာ စည် ၇.၅ သန်း ထုတ်သုံးပြီး အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ International Energy Agency (IEA) အဖွဲ့ဝင်များရဲ့ ယူကရိန်းကို ရုရှားကျူးကျော်တာကြောင့် ဂယက်ရိုက်နေတဲ့ ရေနံဈေးကွက်ထဲမှာ ရေနံဈေးနှုန်းတည်ငြိမ်ရေး ကြိုးပမ်းမှုမှာ ပူးပေါင်းပါဝင်ပါတယ်။
IEA အဖွဲ့ဝင် ၃၁ နိုင်ငံက အတူတကွ ပူးပေါင်းပြီး စုစုပေါင်း စည် သန်း ၆၀ ထုတ်သုံးကြမှာ ဖြစ်ပါကြောင်း ဂျပန်နိုင်ငံ စက်မှုဝန်ကြီး Koichi Hagiuda က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ 
ယခုလို အရေးပေါ်သုံး အရန်ရေနံ ထုတ်သုံးပေးကြတာမှာ အမေရိကန်ပြီးလျှင် ဂျပန်က ဒုတိယ အများဆုံး ဖြစ်ပါတယ်။ အမေရိကန်က စည် သန်း ၃၀ ထုတ်သုံးပေးမှာဖြစ်ပါတယ်။

ကမ္ဘာ့ရေနံ အများဆုံး ထုတ်လုပ်တင်ပုိ့တဲ့ နိုင်ငံများထဲမှ တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံမှ ရေနံ ရရှိမှု ပြတ်တောက်တာကြောင့် ရေနံဈေးတက်မှာကို ထိန်းဖို့အတွက် ရည်ရွယ်ပါတယ်။
ဂျပန်နိုင်ငံမှာ ထုတ်သုံးမယ့် စည် ၇.၅ သန်းက ဂျပန်ပြည်တွင်းမှာ သုံးစွဲတဲ့ ရေနံပမာဏ ၄ ရက်စာ ဖြစ်ပါတယ်။ 
အစိုးရက ပုဂ္ဂလိကကဏ္ဍ အရန်ရေနံ ထားရှိတဲ့ပမာဏကို အနည်းဆုံး ရက်ပေါင်း ၇၀ အတွက် မဖြစ်မနေ ရှိရမယ်လို့ ပြဌာန်းထားတာကို ၄ ရက်စာ လျှော့ပြီး ၆၆ ရက်စာလို့ ပြင်ဆင်သတ်မှတ်ပေးပြီး ထုတ်သုံးစေတာ ဖြစ်ပါတယ်လို့ Hagiuda က ရှင်းပြပါတယ်။

"ရေနံထုတ်လုပ်တဲ့ တိုင်းပြည်တွေကို ထုတ်လုပ်မှု တိုးဖို့ကိုလည်း ကျွန်တော်တို့ တိုက်တွန်းပါမယ်" လို့ Hagiuda က ပြောပြပါတယ်။

ကမ္ဘာ့ရေနံဈေး မြင့်တက်နေတဲ့အပေါ် အရန်ရေနံ ထုတ်သုံးတာက ဈေးကျစေဖို့ သက်ရောက်မှု အနည်းအကျဉ်းသာ ပေးနိုင်မယ်လို့ ပြင်သစ်နိုင်ငံ ပါရီမြို့ အခြေစိုက် IEA က ပြောကြားပါတယ်။

IEA အဖွဲ့ဝင်များရဲ့ အရံရေနံပမာဏ စုစုပေါင်း စည် ၁.၅ ဘီလျံ ရှိပါတယ်။ ယခုလို အရံရေနံကို အဖွဲ့ဝင်တွေ စုပေါင်းညီညာ ထုတ်သုံးကြတာဟာ ၁၉၇၄ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ IEA ရဲ့ သက်တမ်းတစ်လျှောက် စတုတ္ထအကြိမ် ဖြစ်ပါတယ်။ ယခင်က ထုတ်သုံးခဲ့ကြတဲ့ နောက်ဆုံးအကြိမ်က ၂၀၁၁ မှာ လစ်ဗျားအရေးအခင်းကြောင့် လစ်ဗျားရေနံ ပြတ်တောက်ခဲ့လို့ ထုတ်သုံးပေးခဲ့ကြတာ ဖြစ်ပါတယ်။

KYODO

Energy News Read 463 times