ဂျပန်လူမျိုးများ၏ လေးစားအတုယူဖွယ်အချက်များ


29 June, 2018

(၁) အလုပ်ကြိုးစားမှု

ဂျပန်တွေဟာ အလုပ်ကို ကြိုးစားလုပ်တဲ့ နေရာမှာ (၂) ယောက်မရှိဘူး ပြောရလောက်အောင်ကို အလုပ်လုပ်ကြသူတွေဖြစ်ပါတယ်။ ဒီနေရာမှာတော့ လျှို့ဝှက်ချက်မရှိပါဘူး။

ဂျပန်အလုပ်သမားတွေရဲ့ တစ်နှစ်ကို အလုပ်လုပ်ချိန်ဟာ နာရီပေါင်း ၂၄၅၀ ဖြစ်ပြီးတော့ ကမ္ဘာမှာ အလုပ်လုပ်ကြတယ်လို့ နာမည်ကြီးကြတဲ့ အမေရိကန်တွေရဲ့ ၁၉၅၇ နာရီ၊ အင်္ဂလန်ရဲ့ ၁၉၁၁ နာရီ၊ ဂျာမနီတွေရဲ့ ၁၈၇၀ နာရီ နဲ့ ပြင်သစ်တွေရဲ့ ၁၆၈၀ နာရီတွေထက်များစွာ ကျော်လွန်နေတာကို တွေ့ရပါလိမ့်မယ်။

ကမ္ဘာမှာ သတ်မှတ်ထားတဲ့ ပုံမှန်အလုပ်လုပ်တဲ့ နှုန်းတွေအရ အလုပ်သမားတစ်ဦးဟာ ကားတည်ဆောက်ဖို့ ၄၇ ရက်လောက်လိုအပ်နေပါတယ်။

ဂျပန်အလုပ်သမားတွေကတော့ ကားတစ်စီးကို ၉ ရက်နဲ့ အပြီးတည်ဆောက်နိုင်ကြတယ်။ ဒီစစ်တမ်းအရ ဂျပန်အလုပ်သမား တစ်ယောက်ရဲ့ လုပ်အားဟာ ကျန်နိုင်ငံက အလုပ်သမား ၅ ယောက်ရဲ့ လုပ်အားနဲ့ ညီတယ်လို့တောင် ပြောလို့ ရနိုင်ပါတယ်။

(၂) အရှက်တရားကြီးခြင်း

အရှက်တရားကြီးခြင်းဟာ မိရိုးဖလာအရရော၊ ယဉ်ကျေးမှုဓလေ့ ထုံးစံအရပါ ဂျပန်လူမျိုးတွေကို များစွာလွှမ်းမိုးနေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

တိုက်ပွဲမှာရှုံးနိမ့်ခဲ့ရင် ဟာရာကိရိ လို့ခေါ်တဲ့ အစာအိမ်ကို ဓားနဲ့ ကန့်လန့်ဖြတ်ဖြတ်ကာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟာလည်း ဂျပန်နိုင်ငံမှာ ဆာမူရိုင်းတွေခေတ်ကတည်းက ထွန်းကားခဲ့တဲ့ အရှက်တရားကို အသက်နဲ့ သက်သေပြတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ယနေ့ မျက်မှောက်ခေတ်မှာ တော့ အရှက်တရားနဲ့ တာဝန်ယူမှုဟာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းပုံစံကနေ ရာထူးမှ တရားဝင်နှုတ်ထွက်ခြင်း စတဲ့ အပြုအမူမျိုးကို ပြောင်းလဲလာခဲ့တယ်။

မိမိယူရတဲ့ တာဝန်ကို လစ်ဟင်းတဲ့ အခါ အောင်မြင်အောင် မစွမ်းဆောင်နိုင်တဲ့ အခါမှာ ရာထူးမှ တရားဝင်နှုတ်ထွက်ကြပါတယ်။

ဒီလိုတာဝန်ယူမှုနဲ့ အရှက်တရားကြီးမားမှုဟာ ကျောင်းသူကျောင်းသားအရွယ်ကလေးတွေရဲ့ စိတ်ထဲထိတောင် ရောက်ရှိနေတာဖြစ်ပြီး အဆင့်မကောင်းလို့ တိုးတက်မှုမရှိလို့ ဆိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြတဲ့ ကလေးတွေတောင်ရှိပါတယ်။

မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်ကို အနှောက်အယှက်ပြုမိခြင်း၊ ဖျက်ဆီးမိခြင်း၊ စည်းကမ်းတွေကို မလိုက်နာနိုင်ခြင်းဟာ အလွန်ရှက်စရာကောင်းတဲ့ အပြုအမူမျိုး ဖြစ်တယ်လို့

အားလုံးရဲ့ အသိစိတ်ကနေ ခံယူထားနိုင်ခြင်းကလဲ ဂျပန်လူမျိုးတွေအပေါ် လေးစားစရာကောင်းတဲ့ အချက်တစ်ချက်ဖြစ်လို့နေပြန်ပါတယ်။

(၃) ချွေတာတတ်ခြင်း

ဂျပန်လူမျိုးတွေရဲ့ ချွေတာတတ်တဲ့ စိတ်ဟာ နေ့စဉ်လူမှုဘဝထဲမှာကို ကိန်းအောင်းနေတာဖြစ်ပါတယ်။

တတ်နိုင်သလောက် နည်းနည်းပဲ ဝယ်မယ်ဆိုတဲ့ စိတ်ဟာ ဂျပန်လူမျိုးတွေရဲ့ အလွှာအသီးသီးမှာ စိမ့်ဝင်နေဟန်ရှိပါတယ်။

ဂျပန်အများစုဟာ ည ၇:၃၀ နာရီဆိုရင် ရှော့ပင်းစင်တာတွေဆီထွက်ကာ ဈေးဝယ်ထွက်ကြတယ်။

ဘာလို့လဲ ဆိုတော့ ဂျပန်နိုင်ငံက ရှော့ပင်းစင်တာတွေဟာ မပိတ်ခင်နာရီဝက် အလိုမှာ ဈေးကို ထက်ဝက်လျှော့ချပြီး ရောင်းကြတယ်။

ဒီလို ည ၇:၃၀ မှာ အစုလိုက် အပြုံလိုက် ဈေးဝယ်ထွက်ရခြင်းအကြောင်းက ရှော့ပင်းစင်တာတွေဟာ ည၈ နာရီမှာ ပိတ်တာကြောင့်ပါ။

(၄) သစ္စာရှိခြင်း

ဂျပန်အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေဟာ သူတို့ ကုမ္ပဏီကို သစ္စာရှိမှုတွေနဲ့ အပြန်အလှန်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပက အလုပ်သမားတွေနဲ့ မတူတာက သူတို့ဟာ တော်ရုံတန်ရုံနဲ့ အလုပ်မပြောင်းကြဘူး။ သူတို့ဘဝမှာ ပင်စင်ယူတဲ့အထိ အလုပ်တစ်ခု နှစ်ခုထက် ပိုပြောင်းတာမျိုး တွေရခဲပါတယ်။

ဂျပန်ကုမ္ပဏီဟာ သူတို့ရဲ့ အရည်အသွေးပြည့် အလုပ်သမားတွေကို ထိုက်သင့်တဲ့ ရာထူးလစာကိုလည်းပေးတယ်။ ပညာကိုလည်း ဆက်လက်သင်ပေးတယ်။

ဒီအတွက် အလုပ်သမားတွေကလဲ ကုမ္ပဏီကို ပြန်လည်သစ္စာရှိတယ်။ ဒါဟာ အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ ခိုင်မာမှန်ကန်တဲ့ ဆက်ဆံရေး ကို တည်ဆောက်ထားနိုင်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

(၅) ဆန်းသစ်တီထွင်ခြင်း

တကယ်တော့ ဂျပန်နိုင်ငံဟာ ရှေ့ဦးတီထွင်မှုတွေအစပြုတဲ့ နိုင်ငံမဟုတ်ပါဘူး။

ဒါပေမယ့် တကယ်တော့ ဂျပန်တွေဟာ ဈေးကွက်ရဲ့ လိုအပ်ချက်ရှာဖွေတတ်ပြီး အဲ့ဒီဈေးကွက်ကို ဆန်းသစ်တဲ့နည်းပညာတွေနဲ့ လွှမ်းမိုးတတ်တဲ့ နေရာမှာတော့ တစ်ဖက်ကမ်းခပ် အောင်ကို ကျွမ်းကျင်ကြပါတယ်။

ဥပမာပြောရရင် ကတ်ဆက်လောကရဲ့ ရှေ့ဦးဖန်တီးသူတွေထဲ မပါဝင်ခဲ့တဲ့ အာကီယိုမိုရီတာရဲ့ ဆိုနီကုမ္ပဏီဟာ နားကြပ်ကက်ဆက်လောကမှာတော့ ပြိုင်ဘက်မရှိခဲ့တဲ့ သမိုင်းဝင်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။

တကယ်တော့ ကက်ဆက်တိပ်လောကကို ဖန်တီးဦးဆောင်ခဲ့သူက ဖီးလစ်ကုမ္ပဏီပါ။

ဆိုနီကုမ္ပဏီဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ဖီးလစ်ကို ကျော်တက်နိုင်မယ့် နားကြပ်ကက်ဆက် မော်ဒယ်ပေါင်း ၃၀၀ ကျော်လောက်ကို ဖန်တီးပြုလုပ်ကာ ဈေးကွက်မှာ နားကြပ်ကက်ဆက်ပေါင်း သန်း၁၅၀ ကျော်လောက်ကို ရောင်းချနိုင်ခဲ့တယ်။

လေးဘီးကားတွေကို စတင်ထုတ်လုပ်တဲ့ နိုင်ငံဟာလဲ ဂျပန်နိုင်ငံမဟုတ်ပါဘူး။ အမေရိကန်က စတင်ထုတ်လုပ်ရောင်းချခဲ့တာပါ။ ယနေ့ မျက်မှောက်မှာတော့ ဂျပန်တွေဟာ ပိုမိုဆန်းသစ်ပြီး ဈေးတန်တဲ့ ကားတွေနဲ့ ဈေးကွက်ကို လွှမ်းမိုးထားလိုက်တော့တယ်။

(၆) အလွယ်တကူ အရှုံးမပေးတတ်ခြင်း

ဂျပန်တွေဟာ အလွယ်တကူအရှုံးမပေးတတ်သူတွေမဟုတ်ဘူးဆိုတာကို သမိုင်းတွေက သက်သေပြနေပါတယ်။

တိုကုဂါဝါ ခေတ်က အလုံပိတ်စနစ်ကျင့်သုံးခဲ့တဲ့ အတွက် ဂျပန်တွေဟာ နည်းပညာမှာ ခေတ်နောက်ကျခဲ့ရတယ်။ ပွင့်လင်းတဲ့ မီဂျီခေတ်ရောက်လာတဲ့ အခါမှာတော့ သင်ယူတတ်လွယ်တဲ့ ဂျပန်တွေဟာ နေသားကျမြန်လာတယ်။

သဘာဝ သယံဇာတနည်းပါးခြင်းဟာ ဂျပန်တွေကို အလဲမထိုးနိုင်ခဲ့ဘူး။ ဂျပန်နိုင်ငံရဲ့ ၈၅ ရာခိုင်နှုန်းသော စွမ်းအင်ဟာ တခြားနိုင်ငံတွေက တင်သွင်းတဲ့ ဓာတ်ဆီ၊ ကျောက်မီးသွေးစတဲ့ သွင်းကုန်ပစ္စည်းတွေကနေ ရယူူထားတာပါ။

ကပ်ရောဂါ ကျရောက်မှု၊ ဟီရိုရှီးမား နဲ့ နာဂါဇာကီ မြို့တွေမှာ အနုမြူဗုံးကြဲခံရမှု၊ စစ်ရှုံးမှုနဲ့ ကြီးမားတဲ့ တိုကျိုငလျင်လှုပ်မှု စတဲ့ ပြင်းထန်တဲ့ ဆိုးကျိုးနဲ့ ကျရှုံးမှုတွေဟာ ဂျပန်နိုင်ငံကို အောက်ဆုံးထိဆွဲချခဲ့ပေမယ့် ဂျပန်တွေကတော့ အလွယ်တကူ အရှုံးမပေးခဲ့ဘူး။

နောက်နှစ်အနည်းငယ်အကြာမှာပဲ စက်မှုလက်မှု လုပ်ငန်းတွေ ပြန်လည်တိုးတက်ကောင်းမွန်လာပြီး ရှင်ကန်ဆန် ကျည်ဆန်ရထားကို ပထမဆုံး ထုတ်လုပ်နိုင်တဲ့ အထိ ပြန်လည်နိုးထလာနိုင်ခဲ့တယ်။

(၇) စာဖတ်ခြင်းဓလေ့

သင်ဂျပန်ကို ရောက်သွားလို့ ရထားတို့ ကားတို့ စီးသွားရတဲ့ အခါ ကြီးသည် ငယ်သည်မရွေး ဂျပန်လူမျိုးအားလုံးဟာ မဂ္ဂဇင်းပဲ ဖြစ်ဖြစ်၊ သတင်းစာကိုပဲ ဖြစ်ဖြစ် ဖတ်ရှုနေတာကို တွေ့ခဲ့ရမယ်ဆိုရင် အံ့သြမနေပါနဲ့။

ထိုင်ခုံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ရထားပေါ်က လူတွေ အားလုံးဟာ ဘေးဘီကို ဂရုမစိုက်ပဲ စာကိုသာ သည်သည်းမည်းမည်း ဖတ်နေတာကို တွေ့မြင်ရမှာပါ။

ဂျပန်တွေဟာ သူတို့ ကလေးတွေကို စာဖတ်ခြင်းအကျင့်ရှိလာစေဖို့ မန်ဂ လို့ခေါ်တဲ့ နာမည်ကြီးရုပ်ပြပန်းချီတွေကို ဖန်တီးပြီး မူလတန်းနဲ့ အလယ်တန်း သင်ရိုးညွှန်းတန်းမှာ ထည့်သွင်းပြဌာန်းခဲ့ကြပါတယ်။

နောက်ထပ် စာဖတ်ခြင်းအလေ့အထကို မြှင့်တင်ပေးတဲ့ အချက်တစ်ခုကတော့ နိုင်ငံတကာ စာအုပ်တွေကို အစိုးရအနေနဲ့ အလျင်မြန်ဘာသာပြန်ပြီး ထုတ်ဝေပေးနိုင်ခြင်းပါပဲ။

ဂျပန်နိုင်ငံဟာ စာဖတ်ခြင်းကို ဘယ်လောက်အားပေးသလဲဆိုရင် မူရင်းစာအုပ်ထုတ်ဝေပြီး တစ်ပတ်နှစ်ပတ်အတွင်းမှာတင် ဘာသာပြန်စာအုပ်တွေကို စတင်ဖြန့်ချီနိုင်အောင် ဆောင်ရွက်ထားပေးပါတယ်တဲ့။

(၈) အစုအဖွဲ့ စိတ်ဓာတ်

ဂျပန်တွေရဲ့ လူနေမှုပတ်ဝန်းကျင်ဟာ တစ်ဦးတစ်ယောက်ချင်းဆောင်ရွက်မှုကို သိပ်အားမပေးထားပါဘူး။

လုပ်ငန်းကိစ္စမှာပဲ ဖြစ်ဖြစ်၊ သုတေသန ကိစ္စမှာပဲ ဖြစ်ဖြစ် အစုအဖွဲ့ နဲ့ လုပ်ဆောင်တတ်ကြပါတယ်။

ဂျပန်တွေရဲ့ အသင်းအဖွဲ့ နဲ့ လုပ်ဆောင်တတ်မှုရဲ့ စွမ်းအားကို ဖော်ပြနိုင်တဲ့ ဆိုရိုးလေးတစ်ခုရှိပါတယ်။

ဂျပန်ပါမောက္ခတစ်ယောက်နဲ့ အမေရိကန် ပါမောက္ခတစ်ယောက် ယှဉ်ပြိုင်ရင် ဂျပန်ပါမောက္ခရှုံးကောင်းရှုံးနိုင်ပါတယ်။

ဒါပေမယ့် ဂျပန်ပါမောက္ခ ဆယ်ယောက်နဲ့ အမေရိကန် ပါမောက္ခဆယ်ယောက် ယှဉ်ပြိုင်မယ်ဆိုရင်တော့ အမေရိကန်ပါမောက္ခဆယ်ယောက် ရှုံးဖို့ သေချာပါတယ်တဲ့။

(၉) အမှီအခိုကင်းစွာနေထိုင်ခြင်း

ဂျပန်လူမျိုးတွေဟာ သူတို့ ကလေးတွေကို အမှီအခိုကင်းစွာ နေတတ် ထိုင်တတ်ဖို့ ငယ်စဉ်ကတည်းက သူတို့ ကျောင်းကို လာတက်တဲ့ မူကြိုကလေးတွေကို အိတ်ကြီး ၃ လုံးယူဆောင်သယ်ယူလာစေပါသတဲ့။

ကလေးတွေက အဲ့ဒီအိတ်ထဲကို သူတို့ရဲ့ အသုံးအဆောင်တွေဖြစ်တဲ့ အဝတ်၊ ထမင်းဘူး၊ တဘက်၊ ခြေအိတ်၊ စာအုပ် စတဲ့ ပစ္စည်းတွေကို ထည့်ပြီး ကျောင်းကိုလာကြရတယ်။

မူကြိုကျောင်းတွေဟာ ကလေးတွေကို သူတို့ရဲ့ ဝေယျာဝစ္စကို ကိုယ်တိုင်ပြုလုပ်နိုင်ဖို့ သင်ကြားပေးလိုက်ပါတယ်။

ပြီးတော့ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်တက်တဲ့ ကျောင်းသားတစ်ယောက်ဟာ မိဘကို ကျောင်းလခအကြောင်း တစ်ခွန်းတစ်လေမှတောင် ပြောခွင့်မရှိပါဘူး။

ဒီလို အမှီအခိုကင်းစွာ နေထိုင်ရှင်သန်နိုင်ဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးတတ်တဲ့ ဂျပန်လူမျိုးတွေပဲ ဖြစ်ပါတယ်။

(၁၀) ကြီးသူကို ရိုသေပြီး ယဉ်ကျေးမှုဓလေ့ကို ထိန်းသိမ်းခြင်း

နည်းပညာနဲ့ စီးပွားရေးတွေ အလွန်တိုးတက်နေပေမယ့် ဂျပန်တွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုဓလေ့ကိုတော့ လွန်စွာမှ စောင့်ရှောက်ထိန်းသိမ်းတတ်တဲ့ လူမျိုးများဖြစ်ကြပါတယ်။

ဂျပန်နိုင်ငံမှာ စက်ဘီးစီးတဲ့ လူတစ်ယောက်က လမ်းလျှောက်နေတဲ့ လူတစ်ယောက်ကို ဝင်တိုက်မိရင် စက်ဘီးစီးသူက မတောင်းပန်ခင်မှာတင် လမ်းလျှောက်နေတဲ့သူက သဘောထားကြီးစွာ ပြန်တောင်းပန်တတ်ကြပါတယ်။

ပြီးတော့ ဂျပန်တွေဟာ သူတို့ဆီလာတဲ့ စားသုံးသူတွေ အမှာတင်သွင်းမှုတွေနဲ့ ပတ်သတ်လို့ ငြင်းပယ်လိုက်တယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။

ဖြစ်နိုင်သလောက် တတ်နိုင်သလောက်ကို လျှော့ပေးပြီး လိုက်လျောညီထွေစွာ ဆက်ဆံရောင်းဝယ်တတ်ကြတယ်။ မာနကို နှိမ့်ချတတ်ကြတယ်။

ယဉ်ကျေးစွာ ဆက်ဆံတတ်ကြပါတယ်။ ဒါကြောင့်လည်း ဂျပန်တွေဟာ ယဉ်ကျေးမှုအမြင့်မားဆုံးနိုင်ငံတွေထဲမှာ နံပါတ်တစ်နေရာကို ရယူထားနိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေရခြင်းပဲ ဖြစ်ပါတယ်။

 မှတ်စုကြမ်း

Tips Read 2884 times