ဂျပန် ထုတ်ကုန်များ ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် တောင်ကိုရီးယားမှ ဂျပန်ကုမ္ပဏီများ ထွက်ခွာ


20 January, 2021

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ Suyu ဈေးကြီးမှာ ဂျပန် ထုတ်ကုန်များ သပိတ်မှောက်ဖို့ လှုံဆော်တဲ့ ပိုစတာတွေ တန်းစီပြီး ချိတ်ထားတယ်။

ပြဿနာအရင်းခံက ဒုတိယကမ္ဘာစစ်အတွင်း ကိုရီးယားမှာ ဂျပန်တွေက လိင်ကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခံရတဲ့ အမျိုးသမီးတွေအတွက် တောင်းဆိုမှုတွေကို ဂျပန် အစိုးရက လျစ်လျူပြုထားတာကြောင့် ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးတွေဟာ ဇိမ်မယ်များ ‘comfort women’ အဖြစ် ဆောင်ကြာမြိုင်တွေမှာ အသုံးတော်ခံခဲ့ကြရသူတွေ ဖြစ်ပါတယ်။

ဂျပန်ထုတ်ကုန်တွေကို မသုံးစွဲဘဲ သပိတ်မှောက်ဖို့ လှုပ်ရှားမှုတွေ ရှိနေခဲ့တာကြောင့် Nissan နဲ့ Olympus အပါအဝင် ဂျပန်လုပ်ငန်း ၄၅ ခုဟာ တောင်ကိုရီးယားမှ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ထွက်ခွာခဲ့ကြပါတယ်။

အဝတ်အစား လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ၊ အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများဖြစ်ကြတဲ့ ဂျပန်ကုမ္ပဏီတွေ တောင်ကိုရီးယားမှ ထွက်ခွာခဲ့ကြတယ်။ Covid-19 ကြောင့် လုပ်ငန်းတွေ ကမောက်ကမ ဖြစ်နေချိန်မှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဆိုးရွားစေခဲ့ပါတယ်။

ဂျပန်မှ ကင်မရာလုပ်ငန်းကြီး Olympus က ဇွန်လမှာ တောင်ကိုရီးယားမှ ထွက်ခွာခဲ့တယ်။ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Nissan က ဒီဇင်ဘာလမှာ ထွက်ခွာခဲ့ပါတယ်။

စစ်အတွင်းမှာ လိင်ကျွန်ပြုခဲ့တာနဲ့ ဆက်နွှယ်နေတဲ့ ဂျပန်လုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှုကို ကိုရီးယားမှ တရားရုံးကိ သိမ်းဆည်းနိုင်တဲ့အရေး ရှိနေတာကြောင့် ယခုလို ထွက်ခွာကြတာလို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံ Daejon မြို့ ရှိ တရားရုံးက ဂျပန်လုပ်ငန်း Mitsubishi Heavy Industries ရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး လိင်ကျွန်ပြုခံရသူတွေ၊ ချွေးတပ်ဆွဲခံရသူတွေကို နစ်နာကြေးပေးဖို့ စီရင်ချက် ချခဲ့ပါတယ်။ စစ်အတွင်း လိင်ကျွန်ပြုခံရတဲ့ အမျိုးသမီး ၁၂ ဦးကို ဂျပန်အစိုးရက နစ်နာကြေး ပေးဖို့ တောင်ကိုရီးယား တရားရုံးတော်က စီရင်ချက် ချခဲ့ပါတယ်။

၁၉၆၅ ခုနှစ်မှာ နှစ်နိုင်ငံ သဘောတူညီချက်မှာ လိင်ကျွန်ပြုခံရတဲ့ အမျိုးသမီးတွေ ကိစ္စရပ်ကိုလည်း ထည့်သွင်း သဘောတူထားခဲ့ကြပြီး ပုံမှန် သံတမန် ဆက်ဆံရေးကို ပြန်ထူထောင်ခဲ့ကြတယ်။ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ သဘောတူညီချက်မှာ အခုလို အငြင်းပွားနေတဲ့ကိစ္စကို နောက်ကြောင်းပြန်မသွားဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီ ခဲ့ကြတာမို့ ဂျပန်အစိုးရအနေဖြင့် ဖြေရှင်းပြီးသားကိစ္စလို့ သတ်မှတ်ထားပါတယ်။

Global News Investment/Divestment Read 899 times