လယ်ယာသုံးစက်ကိရိယာ ဝယ်ယူလိုတဲ့ တောင်သူတွေအတွက် နှစ်ဆင့်ချေးငွေ ထုတ်ချေးပေးမည်


01 April, 2019

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆန်စက်၊ ဆီစက်နဲ့ ရိတ်သိမ်းခြွေလှေ့စက် စတဲ့ လယ်ယာသုံးစက်ကိရိယာတွေ ဝယ်ယူလိုတဲ့ တောင်သူတွေအတွက် တောင်သူတစ်ဦးချင်း ကျပ်သိန်း ၅၀၀၊ တောင်သူအစုဖွဲ့တစ်ဖွဲ့အတွက် ကျပ်သိန်း ၅၀၀၀ အထိ နှစ်ဆင့်ချေးငွေထုတ်ချေးပေးမှာဖြစ်ပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ ဂျပန်နိုင်ငံ JICA ချေးငွေအထောက်အပံ့ဖြင့် တောင်သူတစ်ဦးချင်းနဲ့ တောင်သူအစုအဖွဲ့များကို ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန် ထုတ်လုပ်တဲ့စက်များ ဝယ်ယူဖို့နဲ့ စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ ( JICA Two Step Loan )  များကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်ကာ ထုတ်ချေးပေးခဲ့တာဖြစ်ပါတယ်။

ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက် အများဆုံးကျပ်သိန်း ၅၀၀၊ တောင်သူအစုဖွဲ့တစ်ဖွဲ့အတွက် အများဆုံးကျပ်သိန်း ၅၀၀၀ အထိ သတ်မှတ်ပြီးချေးငွေတွေကို စိစစ်ထုတ်ချေးပေးနေပါတယ်။ ၂၀၁၉ ခုနှစ် မတ်လကုန်အထိ မြို့နယ် ၁၅၄ ခုမှ တောင်သူ ၂၀၅၁ ဦးအတွက် ချေးငွေပမာဏ ကျပ်သိန်း ၈၀၀၀၀ ကျော် ထုတ်ချေးထားပြီးဖြစ်ပါတယ်။

ထုတ်ချေးပေးထားတဲ့ ချေးငွေအရင်းကို ထုတ်ချေးတဲ့နေ့ကစပြီး ထော်လာဂျီ၊ လက်တွန်းထွန်စက်ချေးငွေအတွက် သုံးနှစ် သုံးရစ်၊ ဒီစက်တွေကလွဲပြီး ကျန်ချေးငွေများအတွက်ဆိုရင်တော့ ငါးနှစ် ငါးရစ် ပေးဆပ်ရမှာဖြစ်ပါတယ်။

ဒီစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေများကို ချေးလိုသူဟာ ချေးငွေရဲ့ ရာခိုင်နှုန်း ၃၀ ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ငွေစုဆောင်းရမှာဖြစ်ပြီး ၎င်းရဲ့ အမည်ပေါက်လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) မူရင်းအား ဘဏ်ကိုအာမခံအဖြစ် တင်သွင်းရမှာဖြစ်ပါတယ်။

ဒါ့ပြင် ငွေချေးရယူလိုသူနဲ့ ပူးတွဲအာမခံနှစ်ဦးရဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း သို့မဟုတ် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများကို အာမခံအဖြစ် တင်သွင်းရမှာဖြစ်ပါတယ်။

ချေးငွေရယူလိုတဲ့တောင်သူတွေအနေနဲ့ မိမိတို့အမြဲတမ်းနေထိုင်ရာ မြို့နယ်ရှိ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲနဲ့ ဆက်သွယ်ကာ ချေးငွေများလျှောက်ထားရယူနိုင်ကြောင်း ဘဏ်မှ အသိပေးချက်ထုတ်ပြန်ထားပါတယ်။

Daily Eleven

Banking & Loan Read 662 times