JMA ဥက္ကဋ္ဌက မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုရန် တိုက်တွန်း


19 December, 2021

JMA  ဥက္ကဋ္ဌက မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုရန် တိုက်တွန်း


ဂျပန်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီများမှ ဒေါ်လာဘီလီယံချီသော ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့  ယူဆောင်လာရန် စည်းရုံးခဲ့သည့် ဂျပန်နိုင်ငံရေးသမားဟောင်းတစ်ဦးဖြစ်သူ အသက် ၈၇ နှစ်ရှိသည့် ဝန်ကြီးအဖွဲ့ဝင်ဟောင်း Hideo Watanabe သည် အမေရိကန်ဒေါ်လာ ၄၂ သန်း ရင်းနှီးမြှုပ်နှံမှု ပြုမည့် ရှော့ပင်းမောလ်တစ်ခုကို ပိတ်ဆို့အရေးယူခံထားရသည့် လုပ်ငန်းစုနှင့်ဆက်နွှယ်နေသော လုပ်ငန်းတစ်ခုနှင့်အတူ လုပ်ကိုင်ရန် အစီအစဉ်ရှိသည်။ 
 
မြန်မာစစ်အစိုးရနှင့် ဂျပန်နိုင်ငံ၏ ပြန်လည်ထိတွေ့ဆက်ဆံမှုအတွက် Watanabe ၏ ပေါ်ပေါ်ထင်ထင် တွန်းအားပေးမှုသည် ဂျပန်အစိုးရ၏ အကူအညီအသစ်များကို ဖြတ်တောက်ခဲ့ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန် စစ်တပ်ကို တောင်းဆိုခဲ့သော တရားဝင်ရပ်တည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်‌နေသည်။ 


ဂျပန်နိုင်ငံသည်  မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် ထောက်ခံကာ တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ပြီး ချိန်ခွင်လျှာညှိရန် ကြိုးပမ်းသည်ဟု တာဝန်ရှိသူများနှင့် လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

 ထိုအခြင်းအရာနှင့် စပ်လျဉ်း၍  Japan Myanmar Association (JMA) ၏ ဥက္ကဋ္ဌ ဖြစ်သူ
Watanabe  နှင့် JMAတို့က တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆိုသည်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မှတ်ချက်ပြုပေးရန် ငြင်းဆိုသည်။

 JMA  ၏ ဥက္ကဋ္ဌ Watanabe က လောဘီသမား  ဖြစ်နေခြင်းကြောင့် JMA ကို စပွန်ဆာပေး‌‌နေသည့် ဂျပန်မှ အကြီးမားဆုံး ကုမ္ပဏီကြီးအချို့အဖို့ အကျပ်ရိုက်နေစေသည်။ တစ်နွယ်ငင် တစ်စင်ပါ ဆိုသကဲ့သို့  JMA အဖွဲ့ဝင် ကုမ္ပဏီကြီးများသည် တက်ကြွလှုပ်ရှားသူတို့၏ ဖိအားပေးခြင်း ခံရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မပြုရန် အခြား နိုင်ငံစုံ လုပ်ငန်းကြီးများနည်းတူ ဖိအားပေးခံရသည်။   ဖြစ်မြောက်ရေးတွင် Watanabe ပါဝင်လုပ်ကိုင်ခဲ့သော အထူးစီးပွားရေးဇုန်သည်လည်း ဖိအားပေးခံရသည့်အထဲတွင် ပါဝင်သည်။

 ဇွန်လ ၃၀ ရက်တွင် ကျင်းပခဲ့သော JMA ပုံမှန်အစည်းအဝေးမှာ မကြာသေးခင်က သွားရောက်ခဲ့သော သူ၏ မြန်မာခရီးစဉ်များ အကြောင်း ပြောကြားချိန်တွင် Watanabe က အာဏာသိမ်းခေါင်းဆောင်၏ "ဒီမိုကရက်တစ်ရေးကြိုးပမ်းအားထုတ်မှုများ" ကို ချီးကျူးပြောဆိုခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းခြင်းသည် တရားဝင်သည်ဟု သူက မှတ်ချက်ပြုခဲ့သည်။ ထိုမှတ်ချက်ကို XYMAX Corp က တုံ့ပြန်ပြောကြားခဲ့သည်။
  
ယခုနှစ်အတွင်း အနည်းဆုံး ကုမ္ပဏီ ၆ ခု JMA မှ နုတ်ထွက်ခဲ့သည်။ အသင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်သော အိမ်ခြံမြေစီမံခန့်ခွဲမှုကုမ္ပဏီ XYMAX Corp က အာဏာသိမ်းမှုအ‌ပေါ် JMA အသင်းအဖွဲ့၏ ရပ်တည်ချက်နှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ယခုနှစ်အတွင်း အကြိမ်ကြိမ် ပြောကြားခဲ့သည်။

“ကျွန်တော်တို့က အာဏာသိမ်းတာကို လုံးဝမထောက်ခံသလို အာဏာသိမ်းတာကို ထောက်ခံပုံရတဲ့ မှတ်ချက်တွေကိုလည်း မထောက်ခံနိုင်ပါဘူး။  အဲဒါအတွက် ကျနော်တို့ရဲ့ ရပ်တည်ချက်က အပြောင်းအလဲ မရှိပါဘူး” ဟု XYMAX မှ နိုင်ငံတကာစီးပွားရေးရာ အလုပ်အမှုဆောင်အရာရှိ Ryuhei Mori က ရိုက်တာ သတင်းမီဒီယာကို ပြောကြားသည်။ 

၂၀၁၉ ခုနှစ်တုန်းက အထူးစီးပွားရေးဇုန်တွင် Hilux ပစ်ကပ်ထရပ်များ ပြုလုပ်ရန် အစီအစဉ်ကို ကြေညာခဲ့သော Toyota Motor Corp က အစောကတည်းက JMA မှ နုတ်ထွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကုမ္ပဏီ၏ ထုတ်လုပ်မှု အစီအစဉ်ကို အာဏာသိမ်းစဉ်ကတည်းက ရပ်ဆိုင်းထားကြောင်း Toyota က ပြောကြားခဲ့သည်။ သို့သော် Toyota ၏ ထွက်ခွာမည့် အချိန်ဇယားအပါအဝင် ထွက်ခွာရေးနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရသူက ရှင်းလင်းပြောပြဖို့ ငြင်းဆိုခဲ့သည်။

ဟိုတယ်များ လုပ်ကိုင်သည့် Vessel Hotel Development Co နှင့် အိုင်တီလုပ်ငန်း Global Innovation Consulting က ရိုက်တာကို ပြောကြားခဲ့သည်မှာ အာဏာသိမ်းပြီးချိန်တွင် ၎င်းတို့ အသင်းမှ နုတ်ထွက်ခဲ့ကြသည်။ Vessel က ကုမ္ပဏီအနေဖြင့် အသင်းအတွက် အကုန်အကျခံရသည့် ကုန်ကျစရိတ်များကို ဖြတ်တောက်လိုသည်ဟု ဆိုသည်။ Global က အသင်းတွင် ကုမ္ပဏီအတွက် အကျိုးအကျိုးကျေးဇူးများ ဆက်လက်မရဟု ဆိုသည်။
အထည်ချုပ်လုပ်ငန်းရှင် Musashi Fusoh က ရိုက်တာကို ပြောကြားသည်မှာ အသင်းမှ နုတ်ထွက်ခဲ့သည်မှာ အသင်းထံမှ ရယူသည့် သတင်းအချက်အလက်များသည် အသင်းအတွက် အကုန်အကျခံရသည်နှင့် မတန်ဟု ဆိုသည်။
ကြွေးဝယ်ကတ်ကုမ္ပဏီ JCB International Co ကလည်း ယခုနှစ်အစောပိုင်းကတည်းက အသင်းမှ ထွက်ခွာခဲ့သည်ဟု ပြောကြားသည်။

အချို့ကုမ္ပဏီများက မြန်မာစစ်တပ်နှင့် ခပ်ကင်းကင်းနေကြရင်း JMA မှာ ကျန်ရှိသည်။
ထိုသို့ကျန်ရှိသည့်အထဲတွင် Kirin Holdings ပါဝင်သည်။ မြန်မာစစ်တပ်နှင့် နှီးနွှယ်သည့် ကုမ္ပဏီစုတစ်ခုနှင့် မိတ်ဖက်ပြုကာ ကာလရှည်ကြာ လုပ်ခဲ့ရာမှ ဖေဖော်ဝါရီလတွင် ဖျက်သိမ်းရန် လုပ်ဆောင်ခဲ့သည်။
ကုမ္ပဏီ၏ လူ့အခွင့်အရေးများ မူဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသဖြင့် လက်တွဲဖြုတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရသူက ပြောကြားသည်။ Watanabe ၏ မှတ်ချက်များအပေါ် တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆိုသည်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

Kirin က ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်းလိုက်ခြင်းအား နိုင်ငံတကာ ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ရန် ကြိုးပမ်း

မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Suzuki Motor Corp ၊ ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ရေးလုပ်ငန်း Mitsubishi Corp တို့သည် JMA တွင် ဆက်ရှိနေဆဲ ဖြစ်သည်။ 

Suzuki က ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးကို ဦးစားပေးကြောင်း ပြောကြားသည်။ Mitsubishi က လုပ်ငန်းလုပ်ကိုင်ရာတွင် လူ့အခွင့်အရေးများသည် ထည့်သွင်းစဉ်းစားသည့် အကြောင်းအချက် တစ်ခုဖြစ်ကြောင်း ပြောကြားသည်။ ၎င်းတို့သည်လည်း Watanabe ၏ မှတ်ချက်များအပေါ် တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆိုသည်။

 ဂျပန်နိုင်ငံ Yamagata University မှ အရှေ့တောင်အာရှ သမိုင်းပါမောက္ခ Masao Imamura က ပြောကြားသည်မှာ Watanabe သည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးမူဝါဒ ချမှတ်ရာတွင် ဩဇာညောင်းသူ ဖြစ်သည်။ ဂျပန် ကော်ပိုရေးရှင်းများသည် လုပ်ငန်းလုပ်ကိုင်ရန် သူ၏ လမ်းပွင့်ခြင်းနှင့် ဩဇာတိက္ကိမတို့ကို အားကိုးအားထားပြုကြသည်။

"မြန်မာနိုင်ငံမှာ လုပ်ကိုင်‌နေကြတဲ့ ဂျပန်ကော်ပိုရေးရှင်းကြီးတွေဟာ Watanabe လိုမျိုး လူတွေနဲ့ မြှုပ်နှံထားတာ အလွန်ကာလရှည်ကြာတဲ့အပြင် နက်ရှိုင်းလွန်းတော့ သူတို့ ဘယ်လို ပြန်ထွက်ရမှန်း မသိကြတော့ဘူး" ဟု Imamura က ပြောကြားသည်။

JMA ပုံမှန်အစည်းအဝေး မတိုင်ခင် တစ်လအလို မေလတွင် Watanabe ၏ သား၊ အသင်း၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ  Yusuke Watanabe က Diplomat တွင် ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့သည်။ ၎င်းဆောင်းပါးတွင် အနောက်တိုင်း၏ "အစိုးရအပြောင်းအလဲ" မူဝါဒ နောက်သို့ လိုက်ပါခြင်းထက် မြန်မာအစိုးရကို ဂျပန်က တံတားတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း ရေးသားထားပါသည်။


swissinfo.ch

Investment/Divestment Read 502 times