ဧပြီလအတွင်း အလုပ်အကိုင်ရရှိမှုအခြေအနေ


14 May, 2018

ဧပြီလအတွင်း ပြည်တွင်းအလုပ်အကိုင်နေရာ ၁၅၅၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ရာ ရန်ကုန်မြို့၌ အလုပ်အကိုင်အများဆုံးရှာဖွေပေးနိုင်ခဲ့ကြောင်း သိရပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များရရှိရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာခန့်အပ်ထားရှိရန် Labour Exchange Management System ဖြင့် အွန်လိုင်းမှဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရပါသည်။

ဧပြီလအတွင်း ပြည်တွင်း၌ အလုပ်အကိုင်နေရာ ၁၅၅၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့သည့်အနက် ရန်ကုန်တိုင်းဒေသကြီး၌ အလုပ်အကိုင်နေရာ ၁၀၇၀၁ နေရာဖြင့် အများဆုံးရှာဖွေပေးနိုင်ခဲ့ပြီး အစိုးရအလုပ်နေရာ ၄၇၄ နေရာနှင့် ပုဂ္ဂလိကအလုပ်နေရာ ၁၀၂၂၇ နေရာ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါသည်။

အလုပ်အကိုင်ဖန်တီးနိုင်မှု ဒုတိယအများဆုံးမှာ ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး စုစုပေါင်းအလုပ်အကိုင်နေရာ ၁၃၁၇ နေရာနှင့် မန္တလေးတိုင်းဒေသကြီး၌ စုစုပေါင်း အလုပ်နေရာ ၈၉၆ နေရာ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် အလုပ်အကိုင်ပေါင်း ၇၀၀၊ မကွေးတိုင်းဒေသကြီးတွင် ၃၈၄ နေရာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၇၃ နေရာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၃၃၈ နေရာ၊ ကရင်ပြည်နယ်တွင် ၆၈ နေရာ၊ ကချင်ပြည်နယ်တွင် ၁၀၃ နေရာ၊ ရှမ်းပြည်နယ်တွင် ၂၉၃ နေရာ၊ မွန်ပြည်နယ်တွင် ၁၅၃ နေရာ၊ ရခိုင်ပြည်နယ်တွင် ၁၆၇ နေရာ၊ ကယာ။ပြည်နယ်တွင် ၁၅ နေရာနှင့် နေပြည်တော်တွင် ၂၃၁ နေရာ အသီးသီး ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရပါသည်။

အလုပ်အကိုင်ဖန်တီးနိုင်မှုအနည်းဆုံးနေရာမှာ ချင်းပြည်နယ်ဖြစ်ပြီး စုစုပေါင်း ၆ နေရာသာ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါသည်။

ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ အလုပ်သမားများတရားဝင်စေလွှတ်ခြင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်သူများအနက် ထိုင်းနိုင်ငံသို့ ၁၂၄၈၄ ဦးဖြင့် အများဆုံးစေလွှတ်နိုင်ခဲ့ပြီး ဂျပန်နိုင်ငံသို့ ၂၈၅ ဦး၊ တောင်ကိုရီးယားနိုင်ငံသို့ ၇၅၉ ဦး၊ မလေးရှားသို့ ၁၃၈၁ ဦး၊ ယူအေအီးနိုင်ငံသို့ ခုနှစ်ဦး၊ စင်ကာပူနိုင်ငံသို့ ၃၀ ဦးနှင့် ကာတာနိုင်ငံသို့ကိုးဦး အသီးသီးစေလွှတ်နိုင်ခဲ့ကြောင်း သိရပါသည်။

 Myawaddy

Local News Read 474 times