ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးစီမံကိန်း ဆိပ်ကမ်းအော်ပရေတာ ရွေးမည်


27 October, 2018

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် ဆိပ်ကမ်း အော်ပရေတာ (Private Port Operator) ရွေးချယ်ခန့်အပ်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါရွေးချယ်ခန့်အပ်မည့် ဆိပ်ကမ်းအော်ပရေတာသည် ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင်ပါဝင်သော စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများ စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို လုပ်ကိုင်ရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ယင်းဆိပ်ကမ်းအော်ပရေတာကို ရွေးချယ်ခန့်ထားနိုင်ရန်အတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာကို အောက်တိုဘာလ ၂၂ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့သည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းသည် စစ်တွေဆိပ်ကမ်းတွင် တန်ချိန် နှစ်သောင်း ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတည်ဆောက်ခြင်း၊ စစ်တွေ ဆိပ်ကမ်းသို့ တန်ချိန် ၆၀၀၀ ရှိ ရေယာဉ်များ ဝင်ထွက်နိုင်ရန်အတွက် လုံလောက်သော ရေအနက်ရှိစေရန် သောင်တူးခြင်း၊ ပလက်ဝမှ မြန်မာ-အိန္ဒိယ နယ်စပ်အဝေး ပြေးကားလမ်း ဖောက်လုပ်ခြင်းတို့ အပါအဝင် တန်ချိန် ၃၀၀ ရှိ ရေယာဉ်များ တည်ဆောက်ခြင်းစီမံကိန်းများနှင့် အခြားပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းများ ပါဝင်သည့် စီမံကိန်းတစ်ခုဖြစ်သည်။

ယင်းကုလားတန်မြစ်ကြောင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ ၄၈၄ သန်းခန့် ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းကို အိန္ဒိယနိုင်ငံ၏ အထောက်အပံ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

the voice myanmar

Local News Read 439 times