ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ယခုနှစ် မတ်လတွင် ထုတ်ဝေခဲ့သော ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းလေ့လာမှုအစီရင်ခံစာတွင် ၎င်းတို့ပြည်နယ်တွင် အလားအလာအကောင်းဆုံးလုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ဒုတိယ အလားအလာအကောင်းဆုံးမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖြစ်သည်ဟု လုပ်ငန်းရှင်များက ထင်မြင်ချက်ပေးထားသည်ဟု ဖော်ပြထားသည်။
ကယားပြည်နယ်သည် ၁၉၈၈ မှ ၂ဝ၁၇ အတွင်း ဝင်ရောက်သော ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခု၊ စုစုပေါင်း လေးခုသာရှိခဲ့ပြီး ပြည်တွင်းရော ပြည်ပပါ ရင်းနှီးမြှုပ်နှံမှု အလွန်နည်းပါးသော ပြည်နယ်တစ်ခုဖြစ်သည်။
၂ဝ၁၇ ခုနှစ် ဇူလိုင်တွင် ဖွဲ့စည်းခဲ့သည့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ တစ်နှစ်တာ သက်တမ်းအတွင်း ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု သုံးခုသာရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ခြောက်ဘီလျံကျော်ရှိသည်ဟု လွိုင်ကော်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်ကြသည်။
လက်ရှိတွင် ကယားပြည်နယ်သို့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပါ ဝင်ရောက်လာလျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ကုန်ထုတ်လုပ်မှု၊ ဟိုတယ်၊ သတ္တုလုပ်ငန်းဆိုင်ရာ အတည်ပြုအမိန့်များကို လာမည့်လများအတွင်း ထုတ်ပေးရန်ရှိသည်ဟု ကယားပြည်နယ်၊ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏အတွင်းရေးမှူး ဒေါ်မေမျိုးဇော်က ပြောသည်။
အထူးသဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ကယားပြည်နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိပြီး အဆိုပါကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာနိုင်ခြေရှိသည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် နယ်သာလန်နိုင်ငံမှ De Heus မွေးမြူရေးလုပ်ငန်းသည် ကယားပြည်နယ်တွင် ဝက်မွေးမြူရေးလုပ်ကိုင်ပြီး စီးပွားဖြစ်ရောင်းချမည့် လုပ်ငန်းလုပ်ကိုင်ရန် တင်ပြထားသည်။ ထို့ပြင် အင်ဒိုနီးရှားအခြေစိုက် JAPFA Comfeed ကုမ္ပဏီက ပြောင်းစိုက်ပျိုးရေးကို ဒေသခံ တောင်သူများနှင့် ကန်ထရိုက်စနစ်ဖြင့် လယ်ယာငှားရမ်း လုပ်ကိုင်သည့် Contract Farming ပုံစံ ဆောင်ရွက်၍ လုပ်ငန်းလုပ်ကိုင်မည်ဖြစ်သည်။ အဆိုပါကုမ္ပဏီသည် ပြောင်းကိုတစ်နှစ်စမ်းသပ် လုပ်ကိုင်မည်ဖြစ်ပြီး အောင်မြင်ပါက နှစ်ရှည်လုပ်ကိုင်ရန် ရည်ရွယ်နေသည်ဟု ကယားပြည်နယ်၊ ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
ပြည်တွင်းကုမ္ပဏီ Genius Shan Highlands Coffee ကလည်း ပြည်တွင်း/ပြည်ပဈေးကွက် နှစ်ခုစလုံးကို ရည်ရွယ်၍ ကော်ဖီတိုးမြှင့်ထုတ်လုပ်ရန် လက်ရှိ ရှမ်းပြည်နယ်မှ သူတို့ စိုက်ပျိုးဧရိယာအပြင် ကယားပြည်နယ်တွင်ပါ ကော်ဖီလာရောက် တိုးချဲ့စိုက်ပျိုးရန် ရည်ရွယ်နေသည်။
၎င်းကုမ္ပဏီက မျိုးနှင့် အခြားလိုအပ်သောအရာများ ထောက်ပံ့ပေး၍ ဒေသခံတောင်သူများက မြေနှင့် လုပ်အားထည့်ဝင်၍ စိုက်ပျိုးမည့် ၎င်းတို့အစီအစဉ်ကို ပြည်နယ်အစိုးရသို့ တင်ပြထားသည်။ ထိုကုမ္ပဏီသည် ကယားပြည်နယ်တွင် တစ်နှစ်အတွင်း ကော်ဖီစိုက်ပျိုးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ခုနစ်နှစ်အတွင်း ဧက ၅ဝ,ဝဝဝ စိုက်ပျိုးရန် ရည်မှန်းနေသည်ဟု ကုမ္ပဏီတည်ထောင်ပိုင်ရှင်တစ်ဦးက ပြောသည်။
စိုက်ပျိုးရေးလုပ်ငန်းသည် ကယားပြည်နယ်တွင် ရာသီဥတုကောင်းမွန်၍ စိုက်ပျိုးဖြစ်ထွန်းသော်လည်း ဈေးကွက်ရှာဖွေရေးတွင် အကန့်အသတ်များရှိနေသဖြင့် ဈေးကွက်ရှာဖွေပေးနိုင်သော အခြားလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်မည်ဆိုပါက အလားအလာအလွန် ကောင်းမွန်သော လုပ်ငန်းတစ်ခုဖြစ်သည်ဟု ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
''အဓိကက ဈေးကွက်လိုတယ်။ ဒီမှာတော့ စားသုံးသူဈေးကွက်က နည်းတယ်။ တခြားဈေးကွက်တွေရှာပြီး လုပ်ဖို့လိုတယ်။ မြေယာနဲ့ပတ်သက်ရင်တော့ ဒေသခံတွေဘက်ကလည်း စိတ်ဝင်စားကြမယ့်ပုံစံမျိုး ရှိတယ်။ Contract Farming လို ပုံစံမျိုးတွေဆိုရင် အဆင်ပြေမှာပါ''ဟု ကယားပြည်နယ်၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသိန်းမြင့်က ပြောသည်။
မေလတွင် ကျင်းပပြုလုပ်ခဲ့တဲ့ ကယားရင်းနှီးမြှုပ်နှံမှုဖိုရမ်နောက်ပိုင်းတွင် နိုင်ငံသားလုပ်ငန်းရှင်များက ရုပ်ရှင်ရုံလုပ်ငန်း၊ မာဘယ်ကျောက် ထုတ်လုပ်ရေးလုပ်ငန်း၊ နှစ်ရှည်ပင် စိုက်ပျိုးရေးလုပ်ငန်း၊ အပန်းဖြေစခန်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုလုပ်ငန်းများက ရင်းနှီးမြှုပ်နှံရန် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြထားသည်။
ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲ အတားအဆီးများတွင် ငြိမ်းချမ်းရေး အပြည့်အဝမရရှိသေးသဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများရှိခြင်း၊ ဒေသခံအချို့က ရှေးရိုးစွဲအစဉ်အလာဖြင့် ဆန့်ကျင်နေမှုများ ရှိနေသေးခြင်း၊ မြေနေရာများ ဈေးနှုန်းကြီးမြင့်နေခြင်း၊ ကျူးကျော်စိုက်ပျိုးမှုများ ရှိနေသေးခြင်း၊ ကျွမ်းကျင်အလုပ်သမား ရှားပါးခြင်း၊ တရားမဝင် လုပ်ကိုင်နေမှုများ ရှိနေသေးခြင်း၊ စွန့်ဦးတီထွင်မှုလုပ်ကိုင်သူ အလွန်နည်းပါးနေသေးခြင်းနှင့် နည်းပညာလိုအပ်ချက်များစွာ လိုအပ်နေခြင်းတို့ ရှိနေကြောင်း အစီရင်ခံစာက ဆိုသည်။
''လျှပ်စစ်မီးက အဆင်ပြေတယ်၊ စက်မှုဇုန်မြေဈေးလည်း မြေပြန့်နဲ့ယှဉ်ရင် သက်သာတယ်။ ကုန်ကြမ်းအခက်အခဲတွေရှိတယ်။ ကုန်ကြမ်းတွေမှာယူပြီး ထုတ်ဖို့ဆိုရင် အခက်အခဲရှိတယ်။ ဒီမှာလည်း ကုန်ကြမ်းက သိပ်မရှိဘူး''ဟု လွိုင်ကော်စက်မှုဇုန်မှ သံရည်ကြိုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိတွင် လုပ်ငန်းရှင်များ၏ လုပ်ငန်းများ တိုးတက်မှုနှေးကွေးသော်လည်း ငြိမ်းချမ်းမှုရှိလာခြင်း၊ ဈေးကွက်ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် လာမည့်သုံးနှစ်အတွင်း တိုးတက်လာမည့် အလာအလာများရှိနေသည်ဟု ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
Myanmar Times