လုပ်ငန်းများ ကရင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်အထိ ရရှိ


22 December, 2017

ကရင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဝင်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ် အထိ ရရှိမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်  ဦးဆောင်သည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီကဒေါ်လာငါးသန်းအထိ လုုပ်ငန်းများကို ခွင့်ပြုပေးနိုင်ပြီဖြစ်ကြောင်း ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၏ ပြောကြားချက်အရသိရပါသည်။

ကရင်ပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် Paramount Myanmar Alliance ကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ နှစ်ရှည်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲကို ဘားအံမြို့နယ်ဇွဲကပင်ခန်းမတွင် ဒီဇင်ဘာလ ၁၇ ရက်က ပြုလုပ်ခဲ့ရာ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အမှာစကားပြောကြားရာ၌ ပြည်နယ်ဝန်ကြီးက ပြောကြားခဲ့ပါသည်။

ပြည်နယ်အတွင်းတွင် ရှိသော စိုက်ပျိုးမြေများသာမက မစိုက်ပျိုးရသေးသော မြေလွတ် မြေရိုင်းဧကများစွာတို့သည် လာရောက်စိုက်ပျိုးမည့်သူများကို ဖိတ်ခေါ်ကြိုဆိုလျက်ရှိနေပါသည်။

မြေဆီသြဇာပြည့်စုံလုံလောက်သော သဘာဝမြေရိုင်းများကို လယ်ယာသီးနှံစိုက်ခင်းများအဖြစ် အသွင်းပြောင်းပေးနိုင်ခဲ့ပါက စီးပွားရေးအရ အကျိုးမြတ်များစွာ ရရှိနိုင်မည်ဖြစ်ပါသည်။

ပြည်နယ်၏ နေရာများစွာတို့တွင် သဘာဝတောတောင်ရေမြေများ၏ အလှတရားများတည်ရှိနေသည့်အတွက် Eco Tourism ကဲ့သို့သော လုပ်ငန်းများလည်း လာရောက်လုပ်ဆောင်နိုင်ကြပါသည်။

ရှည်လျားလှသော သံလွင်မြစ်ကြောင်းတစ်လျောက်တွင်လည်း သဘာဝအလှကို ပကတိအတိုင်း ကြည့်ရှုခံစားရင်း အနားယူအပန်းဖြေနိုင်သော ဟိုတယ်လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်သေးကြောင်းနှင့် စက်ရုံ အလုပ်ရုံကဲ့သို့ကုန်ထုတ်လုပ်ငန်းကြီးများအတွက်လည်း ကျယ်ဝန်းသော မြေဧကများစွာကို အခြားသောဒေသများစွားထက် သက်သာသော စျေးနှုန်းများဖြင့် လုံလောက်စွာ စီစဉ်ပေးနိုင်ပါသည်ဟု ပြည်နယ်ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

ထို့အပြင် လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ချက်များအတွက် ညှိနှိုင်းဆောင်ရွက်နိုင်သည့် အခြေအနေနှင့် ပတ်သတ်၍လည်း ဒေသဖွံ့ဖြိုးရေးမရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အအုံများဖြစ်သော လမ်း၊ တံတား၊ ရေသွယ်ယူရေး၊လျှပ်စစ်မီးရရှိရေး အစရှိသော လုပ်ငန်းများကိုလည်း Build Operate Transfer (BOT) စနစ်ဖြင့်ဖြစ်စေ၊ အခြား Public- Private Partnership (ppp) စနစ်ဖြင့်ဖြစ်စေ၊ လာရောက် လက်တွဲ လုပ်ဆောင်နိုင်ပါသည်။

ပြည်နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များကိုလည်း သဘာဝအတိုင်းသာမက ကာလရှည်အထားခံပြီး ထုတ်ကုန်တန်ဖိုးကို မြင့်တက်သွားစေသော Value Added ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ပေးမည့် လုပ်ငန်းများကို မျှော်လင့်လျက်ရှိကြောင်း သိရပါသည်။

အလားတူ ဒေသထွက်ကုန်များအဖြစ် ကြံ၊ ကြံသကာ၊ သကာရည်၊ သကြားနှင့် အခြားသော စားသောက်ကုန်များ ထုတ်လုပ်ပေးခြင်း၊ တိရစ္ဆာန်အစာများထုတ်လုပ်ပေးခြင်း၊ စသော စားသောက်ကုန်ထုတ်လုုပ်ငန်းများကိုလည်းလာရောက်ရင်းနှီးနိုင်ကြောင်း သိရပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် Three Pagodas Pass Development နှင့် Taiwan External Trade Development Council တို့မှ တာဝန်ရှိသူများကလည်း အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်နိုင်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လုပ်ဆောင်နိုင်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ရင်းနှီးမြှုပ်နှံမှုနှင့် ကော်မတီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်းနှင့် အခြားပြည်နယ်များမှ လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Source:Myanmar alin

Investment/Divestment Read 880 times