ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဝန်ဆောင်မှုပေးရန်အတွက် Huawei နှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးပြီးကြောင်း ကမ္ဘောဇဘဏ်က မတ်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
မြန်မာပြည်သူများ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်သည့် ဝန်ဆောင်မှုကို သုတေသနကောက်ယူ၍ ယင်းစစ်တမ်းအပေါ် အခြေခံကာ သင့်တော်သည့် ဒစ်ဂျစ်တယ်ဘဏ္ဍာရေးစနစ် ဝန်ဆောင်မှုကို ပြည်သူများထံ ပေးအပ်မည်ဖြစ်ကြောင်း ကမ္ဘောဇက ထုတ်ပြန်ကြေညာခဲ့ပါသည်။
ဘဏ်အကောင့်ရှိပြီး အသုံးပြုနေတဲ့ ပြည်သူများဟာ မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်း၊ လျှပ်စစ်မီးရရှိအသုံးပြုနိုင်တာက ၃၀ ရာခိုင်နှုန်းသာ ရှိသော်လည်း ၉၀ ရာခိုင်နှုန်းသော ပြည်သူများမှာ စမတ်ဖုန်းကိုယ်စီရှိကြပါသည်။
ကျွန်တော်တို့ရဲ့ အိပ်မက်ကတော့ ၁၀ နှစ်အတွင်း စမတ်ဖုန်းအသုံး ပြုပြီး ပြည်သူများရာနှုန်းပြည့်ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
သဘောတူညီချက်လက်မှတ်ကို တရုတ်နိုင်ငံရှိန်းကျိန့်မြို့ ၌ မတ်လ ၁၀ ရက်က ရေးထိုးခဲ့ပြီး ပိုမိုကောင်းမွန်သည့် ဘဏ်စနစ်ကတစ်ဆင့် မြန်မာနိုင်ငံသားများ လူနေမှုအဆင့်အတန်း မြင့် မားလာနိုင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။
ကမ္ဘောဇဘဏ်ကို ၁၉၉၄ က စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းတွင် ဘဏ်ခွဲ ၅၀၀ ကျော်ရှိကာစင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် နိုင်ငံတကာကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ထားကြောင်း သိရပါသည်။
Source: 7daydaily