KBZ နှင့် Tranglo နယ်စပ်ဖြတ်ကျော် ငွေလွှဲပေးပို့ ဝန်ဆောင်မှုစတင်


07 October, 2020

ကမ္ဘောဇဘဏ်နှင့် နယ်စပ်ဖြတ်ကျော် ငွေလွှဲပေးပို့ရန် အဓိက ဝန်ဆောင်မှုပေးနေသည့် အာရှ ကုမ္ပဏီများအနက် တစ်ခုအပါအဝင်ဖြစ်သော Tranglo တို့သည် ငွေလွှဲဝန်ဆောင်မှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံခြားငွေလွှဲများကို ကမ္ဘောဇဘဏ် customer များ၏ ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်ရန် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်သည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်အရ ပေးအပ်သွားမည့် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ မလေးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယား အစရှိသော နိုင်ငံများမှ မြန်မာ အလုပ်သမားများမှာ ပိုမို လွယ်ကူ၊ မြန်ဆန်ပြီး လုံခြုံစိတ်ချရသော လမ်းကြောင်းဖြင့် မိမိတို့၏ မိသားစုထံ ငွေပေးပို့နိုင်ပြီ ဖြစ်သည်။


Tranglo က ပေးအပ်လိုက်သည့် ဝန်ဆောင်မှုအသစ်အရ ငွေလွှဲလက်ခံသူသည် ၎င်း၏ ကမ္ဘောဇဘဏ် စာရင်းရှင်အပ်ငွေစာရင်း(Current Account)၊ ငွေစုဘဏ်အပ်ငွေစာရင်း (Saving Deposit Account) (သို့မဟုတ်) ခေါ်ယူအပ်ငွေစာရင်း(Call Deposit Account) များမှတစ်ဆင့် တိုက်ရိုက်၊ ချက်ချင်း ငွေလက်ခံ ရယူနိုင်မည် ဖြစ်သည်။


ထို့ကြောင့် ငွေလွှဲလက်ခံသူများမှာ မိမိတို့၏ iBanking (သို့မဟုတ်) mBanking အကောင့်များသို့ ဝင်ရောက်ပြီး ငွေအဝင်ကို ချက်ချင်း ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်သည့်အပြင် ငွေထုတ်ယူရာတွင်လည်း ဘဏ်ခွဲများသို့ သွားရောက်စရာ မလိုတော့ဘဲ နီးစပ်ရာ ကမ္ဘောဇဘဏ် ATM စက်တွင် ငွေလွှဲထုတ်ယူခြင်း (သို့မဟုတ်) ၎င်းတို့၏ KBZPay မိုဘိုင်းပိုက်ဆံအိတ် များမှတစ်ဆင့် ထုတ်ယူနိုင်ခြင်း စသဖြင့် မိမိအတွက် အဆင်ပြေမည့်နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်ကာ အချို့သော ငွေလွှဲဝန်ဆောင်မှုများနှင့် မတူသည့် အချက်မှာ ငွေလွှဲလက်ခံသူဘက်က အခကြေးငွေ တစ်စုံတစ်ရာ ပေးရန်မလိုအပ်ဘဲ ငွေများအားလုံးကို မိမိတို့၏ ကမ္ဘောဇဘဏ်အကောင့်ထဲသို့ တိုက်ရိုက်လွှဲပြောင်း ရယူနိုင်မည် ဖြစ်သည်။


Tranglo ဝန်ဆောင်မှုမှတစ်ဆင့် မြန်မာနိုင်ငံသို့ ငွေလွှဲလို သူများသည် Tranglo ၏ ငွေလွှဲကောင်တာများ (သို့မဟုတ်) မလေးရှားနိုင်ငံရှိ MaxMoney ၊ စင်ကာပူနိုင်ငံရှိ SlidesSG ၊ တောင်ကိုရီးယားနိုင်ငံရှိ GME စသည့် မိတ်ဖက်ကောင်တာများတွင်လည်း သွားရောက်ပြီး ငွေလွှဲနိုင်ပြီး မြန်မာနိုင်ငံသို့ ငွေလွှဲလုပ်ဆောင်ချက်တစ်ခုလျှင် အများဆုံး အမေရိကန်ဒေါ်လာ (၅,၀၀၀) နှင့် ညီမျှသော မြန်မာကျပ်ငွေကို ငွေလွှဲပေးပို့နိုင်ပြီး ငွေလွှဲ လုပ်ဆောင်ရန် ငွေလက်ခံမည့်သူ၏အမည်နှင့် ၎င်း၏ ကမ္ဘောဇဘဏ်အကောင့်နံပါတ်တို့ လိုအပ်မည်ဖြစ်သည်။


ကမ္ဘောဇဘဏ် နှင့် Tranglo တို့မှ ဆောင်ရွက်ပေးလျက်ရှိသည့် ငွေလွှဲပြောင်းဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ပိုမို သိရှိလိုပါက ကမ္ဘောဇဘဏ် Customer Service ၏ Hotline နံပါတ် ဖြစ်သော +၉၅ ၉၉၅၁၀ ၁၈၅၅၅ (သို့မဟုတ်) [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

 

By Myanmar Industry Guide

Banking & Loan Read 528 times