Kirin ဒေါ်လာ ၁၉၃ သန်း အရှုံးပေါ်သော်လည်း မြန်မာတွင် ဆက်လက် လုပ်ကိုင်မည်


11 August, 2021

ဂျပန်မှ Kirin က  မြန်မာဘီယာအတွက် အရှုံး အမေရိကန်ဒေါ်လာ ၁၉၃ သန်း ပေါ်ခဲ့တယ်။ စစ်တပ်ဆက်နွှယ်မှု ရှိခြင်းနဲ့ ကိုဗစ်တို့ကြောင့် ရောင်းအားကျပြီး အရှုံးပေါ်ခဲ့တယ်။
Kirin က ၅၁% ရှယ်ယာပိုင်ဆိုင်တဲ့ Myanmar Brewery သပိတ်မှောက်ခံရပြီး စားသောက်ဆိုင်များက မြန်မာဘီယာ ရောင်းချခြင်း ရပ်ဆိုင်းထားကြတယ်။
Kirin Holdings ကဲ့သို့သော စစ်တပ်နဲ့ ဆက်နွှယ်မှု ရှိတဲ့ ပြည်ပလုပ်ငန်းတွေ အရှုံးပြနေကြပြီး ဈေးကွက်ကလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ယိုင်နဲ့နေတယ်။
 ဩဂုတ်လ ၁၀ ရက်မှာ  ပြန်မရနိုင်တော့တဲ့အရှုံး ၂၁ ဒသမ ၄ ဘီလျံယန်း (ကန်ဒေါ်လာ ၁၉၃ သန်း) ကို ပြီးခဲ့တဲ့ ဇွန်လအထိ ၆ လတာအတွင်း မြန်မာနိုင်ငံမှာ ဘီယာထုတ်လုပ်မှုအတွက် ငွေစာရင်းမှ ပယ်ဖျက်လိုက်တယ်။
Kirin က ဘီယာထုတ်လုပ်မှု ကုမ္ပဏီ နှစ်ခုမှာ ရှယ်ယာ ၅၁% ပိုင်ဆိုင်ထားပါတယ်။ Myanmar Brewery နဲ့  Mandalay Brewery တို့ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီနှစ်ခုမှာ ကျန်တဲ့ ရှယ်ယာတွေကို မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ပိုင်ဆိုင်ပါတယ်။  မြန်မာ့စီးပွားရေးဦးပိုင်နဲ့တကွ နှီးနွှယ်နေတဲ့ ကုမ္ပဏီတွေ၊ စစ်တပ်ထိပ်ပိုင်းမှာ ရောက်ရှိနေသူများရဲ့ လုပ်ငန်းတွေကို အမေရိကန်နှင့် အခြားနိုင်ငံအချို့တို့က စီးပွားရေးပိတ်ဆို့ အရေးယူထားပါတယ်။
Myanmar Brewery သပိတ်မှောက်ခံရတာကြောင့် ပထမခြောက်လမှာ ရောင်းအား ကျပ် ၁၅၂ ဘီလျံသို့ ကျဆင်းသွားခဲ့ပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၂၈% ကျဆင်းခဲ့ပါတယ်။
ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြက္ခဒိန်တစ်နှစ်စာအတွက် ဝင်ငွေလျာထားချက်ကို ကျပ် ၄၈၉ ဘီလျံအစား ကျပ် ၂၉၀ ဘီလျံ လို့ ပြင်ဆင်သတ်မှတ် လျာထားပါတယ်။ အမြတ်ကိုတော့ ကျပ် ၂၀၂ ဘီလျံအစဦး ကျပ် ၈၇ ဘီလျံလို့ သတ်မှတ်ပါတယ်။ 


မြန်မာစီးပွားရေး ဦးပိုင်လီမိတက် ကုမ္ပဏီနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ ဖက်စပ်လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ကလွဲလို့ တခြားရွေးစရာ လမ်းမရှိဘူးလို့ ကီရင်ကုမ္ပဏီက ဖေဖော်ဝါရီလက ထုတ်ဖော်ကြေညာထားပေမဲ့ သိသာထင်ရှားတဲ့ လုပ်ဆောင်မှုမျိုးတော့ မတွေ့ရသေးပါဘူး။

ကီရင်မှာ ထည့်ဝင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို ကီရင်ကုမ္ပဏီကိုဖြစ်ဖြစ်၊ စစ်တပ်နဲ့ မပတ်သက်တဲ့ တခြားကုမ္ပဏီတွေကိုဖြစ်ဖြစ် ပြန်ရောင်းဖို့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကုမ္ပဏီကို တောင်းဆိုဖို့ စီစဉ်နေပေမဲ့ တရားဝင် ညှိနှိုင်းတာမျိုး မလုပ်ရသေးဘူးလို့ ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကီရင်ကုမ္ပဏီက ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

"လောလောဆယ်မှာ မြန်မာနိုင်ငံထဲကနေ ကီရင်ကုမ္ပဏီ ထွက်သွားဖို့ စဉ်းစားမထားပါဘူး။  မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေမှုကို ရပ်ဆိုင်းရေး ညှိနှိုင်းဖို့ကို ဆွေးနွေးနေကြဆဲ ရှိပါသေးတယ်။ ဒါပေမဲ့ လက်ရှိ ကိုဗစ်အခြေအနေကြောင့် ဒီကိစ္စကို ရှေ့တိုး လုပ်ဆောင်ဖို့ အခက်အခဲ တွေ့နေပါတယ်"လို့ မစ္စတာ ယိုရှီမူရာ က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
Kirin က ပြည်တွင်းဝယ်လိုအား ကြီးထွားမယ့် အနာဂတ်ကို ကြိုတင်မှန်းဆပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုခဲ့ပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ စီပွားရေးလုပ်ငန်းက ပင်လယ်ရပ်ခြား ချဲ့ထွင် လုပ်ကိုင်မှုများအတွက် အရေးပါတဲ့ ထောက်တိုင်တစ်ခုအဖြစ် ဖွဲ့တည်ထားတယ်။ ဈေးကွက်က နုငယ်နေသေးပေမဲ့လည်း ဒီဇင်ဘာလ အဆုံးသတ်တဲ့ ၂၀၂၀ ခုနှစ် တစ်နှစ်တာ အမြတ်က ၁၃ ဒသမ ၈ ဘီလျံ ရှိပြီး Kirin စုစုပေါင်း အမြတ်ရဲ့ ၉% ရှိပါတယ်။ ဒီတော့ Kirinဘအနေဖြင့် စားနေရတာ သဲတရှပ်ရှပ် ဖြစ်နေသော်လည်း ပစ်ရမှာ အဆီတဝင်းဝင်း ဖြစ်နေပုံ ရပါတယ်။
.
Source BBC , Reuters, asia nikkei

Local News Read 660 times