ကိုရီးယား-မြန်မာ ဖက်စပ်ကုမ္ပဏီမှ မကွေးမြို့ရှိ တောင်သူများနှင့် နှမ်းများဝယ်ယူရန် စာချုပ်ချုပ်


10 August, 2018

မကွေးမြို့နယ် နှမ်းစိုက်တောင်သူများ ဖွံ့ဖြိုးရေးအသင်းဝင် တောင်သူများထံမှ နှမ်းအဖြူနှင့် နှမ်းအနီ တန်(၅၀ဝ) ဝယ်ယူမည်ဖြစ်ကြောင်းကိုရီးယား-မြန်မာဖက်စပ် ကုမ္ပဏီ၏ စာချုပ်ချုပ်ဆိုမှုကို ယနေ့တွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာချုပ်ချုပ်ဆိုရာတွင် ကိုရီးယား-မြန်မာ ဖက်စပ်ကုမ္ပဏီမှမန်နေဂျာ ဦးသန်းထွေးနှင့် တာဝန်ရှိသူများ၊ နှမ်းစိုက် တောင်သူများဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်း နှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ အသင်းက တောင်သူတွေအတွက် ဈေးကွက်ကောင်းရရှိဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ် ချိတ်ဆက်မှုတွေ ဆောင်ရွက်နေတဲ့အချိန်မှာဘဲ ကိုရီးယား-မြန်မာ ဖက်စပ်ကုမ္ပဏီက ကျွန်တော်တို့ တောင်သူတွေဆီက နှမ်းတွေဝယ်မယ်ဆိုတာကို ကမ်းလှမ်းတဲ့အတွက် ကျွန်တော်တို့က သူတို့ကုမ္ပဏီကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်" ဟု နှမ်းစိုက်တောင်သူများဖွံ့ဖြိုးရေးအသင်းဝင် ဦးကျော်ဦးကပြောသည်။

စာချုပ်ချုပ်ဆိုသည့် နေရာတွင် နှမ်းအဖြူ နှင့်အနီနှမ်းများကိုဝယ်ယူမည်ဖြစ်ပြီး အရည်အသွေးပြည့်မှီသည့် နှမ်းများ ဖြစ်ရမည်ဆိုသည် စသည့်သဘောတူညီချက် အချက်(၁၂)ချက်ဖြင့် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွားပေါင်း (၃၄)ရွာမှ နှမ်းစိုက်တောင်သူများဖွံ့ဖြိုးရေး အသင်းဝင် တောင်သူ(၂၂၃၀)ဦးတို့ထံမှ နှမ်းအဖြူ နှင့်နှမ်းအနီ တန်(၅၀ဝ)ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

"အရင်နှစ်တွေကဆိုရင်ကျွန်တော်တို့သီးနှံတွေကို ပွဲစား တွေကနေတစ်ဆင့် ပွဲရုံကိုအဆင့်ဆင့်သွားတဲ့အတွက် တောင်သူတွေမှာ ဈေးနှုန်းနစ်နာမှုတွေ၊ သယ်ယူစရိတ်တွေ၊ ကုန်ကျမှုတွေရှိပါတယ် အခုတောင်သူအစုအဖွဲ့လိုက် ရောင်းချရမှာဖြစ်တဲ့အတွက် ကာလပေါက်ဈေးအမြှင့်ဆုံး ဈေးထက် နှမ်းတစ်တင်းကို (၂၀ဝဝ)ကျပ်ခန့်ပိုရရှိမှာပါ ယခုလက်ရှိ နှမ်းအဖြူဈေးနှုံးမှာ (၄၉၀ဝဝ) ကျပ်ရှိပါတယ်"ဟု နှမ်းစိုက်တောင်သူများ ဖွံ့ဖြိုးရေးအသင်းဝင် ကိုဝင်းဗိုလ်က ပြောသည်။

"တောင်သူအစုအဖွဲ့လိုက်သီးနှံ ရောင်းချတဲ့စနစ်က တစ်ကယ်ကောင်းတဲ့စနစ်ပါ တောင်သူတွေ ပွဲစားစီကနေသွားတာ မဟုတ်ဘဲနဲ့ ကုမ္ပဏီနဲ့ တိုက်ရိုက်ချိတ်တာဖြစ်တဲ့အတွက် တောင်သူတွေ ဈေးအစွမ်းကုန်ရမှာ ဖြစ်ပါတယ်"ဟု စိုက်ပျိုးရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေနှင့် တောင်သူမျာစိုက်ပျိုးသီးနှံများဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးသည့်အပြင် တောင်သူများစိုက်ပျိုးထားသည့် သီးနှံများဈေးကောင်းရ ရှိရေးအတွက်ချိတ်ဆက်ဆောင်ရွက်မှုများလည်း ဆောင်ရွက်နေကြောင်း သိရသည်။

Myanmar digital

Export, Import Agriculture & Livestock Read 666 times