တောင်ကိုရီးယားမှ ကိုရီးယားသင်္ဘောတည်ဆောက်ရေးနှင့်ကမ်းလွန်အင်ဂျင်နီယာကုမ္ပဏီ (Korea Shipbuilding & Offshore Engineering) သည် အမေရိကန်ဒေါ်လာသန်း ၄၅၀ တန်ဖိုးရှိ ကန်ထရိုက်စာချုပ်ကို ရရှိခဲ့ပြီး ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် သဘာဝဓာတ်ငွေ့ ဖိသိပ်ပေးသည့် ပလက်ဖောင်း gas compression platformကိုတည်ဆောက်ရန် ဖြစ်သည်။
ကုမ္ပဏီမှ ထုတ်ပြန်သည်မှာ ရွှေဓာတ်ငွေ့သိုက် ကမ်းလွန်လုပ်ကွက်တွင် လုပ်ကိုင်နေသော Posco International ကုမ္ပဏီနှင့် letter of intent ကို လက်မှတ်ရေးထိုးခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်းကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း စတင်မည် ဖြစ်သည်။
ဓာတ်ငွေ့ ဖိသိပ်ပလက်ဖောင်းကို တည်ရှိပြီး ပလက်ဖောင်းတွင် တိုးချဲ့ပလက်ဖောင်းတစ်ခုအဖြစ် တည်ဆောက်ပေးရမည်ဖြစ်ပြီး ပလက်ဖောင်းနှစ်ခု ချိတ်ဆက်ထားမည် ဖြစ်သည်။ နေ့စဉ် ဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ထုတ်လုပ်မှုကို ကိုင်တွယ်လုပ်ကိုင်ပေးနိုင်မည့် ပလက်ဖောင်း ဖြစ်သည်။
Korea Shipbuilding & Offshore Engineering သည် ဦးပိုင်ကုမ္ပဏီတစ်ခု ဖြစ်သော Hyundai Heavy Industries Group ၏ သင်္ဘောတည်ဆောက်ရေး လက်တံတစ်ခု ဖြစ်ပြီး ဓာတ်ငွေ့ ဖိသိပ် ပလက်ဖောင်းအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ၊ ဆောက်လုပ်ရေးဆိုင်ရာ၊ တပ်ဆင်ခြင်းဆိုင်ရာ အစရှိသည်တို့ကို လုပ်ကိုင်မည် ဖြစ်သည်။
Posco International က ရွှေအဆင့်(၃) တူးဖော်ထုတ်လုပ်မှု စီမံကိန်းက မြန်မာအစိုးရထံမှ နောက်ဆုံးအဆင့် ခွင့်ပြုချက် ရရှိသည့်အခါတွင် လုပ်ငန်း စတင်မည်ဟု သိရသည်။