တောင်ကိုရီးယား၏ အဓိက ကားကုမ္ပဏီကြီး ငါးခုသည် ဧပြီလ၌ လွန်ခဲ့သောနှစ်အလားတူလထက် ကားအရောင်း ၇ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ စုစုပေါင်း ကား ၇၀၃၈၂၆ စီးရောင်းချခဲ့ကြောင်း သိရပါသည်။
ထိုကဲ့သို့ အရောင်းမြင့်တက်မှုသည် ဝယ်လိုအားများလာခြင်းနှင့် မော်ဒယ်အသစ်များထွက်လာခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။
ယင်းကုမ္ပဏီငါးခုမှာ ဟွန်ဒိုင်းမော်တာ၊ ကီယာမော်ဒယ်၊ ဂျီအမ် ကိုရီးယား၊ ရေးနော့ဆမ်ဆောင်းနှင့် ဆန်းယွန်မော်တာ တို့ဖြစ်ကြပြီး ပြီးခဲ့သောနှစ် ဧပြီလတွင် ကား ၆၅၄၄၇၇ စီးသာ ရောင်းချခဲ့ရကြောင်း သိရပါသည်။
၎င်းကုမ္ပဏီငါးခု၏ ပြည်တွင်းရောင်းချရမှုမှာလည်း ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ကား ၁၃၄၁၉၇ စီး ရောင်းချနိုင်ခဲ့ရပြီး လွန်ခဲ့သောနှစ် အလားတူကာလတွင်မူ ၁၃၂၆၇၅ စီး ရောင်းချခဲ့ရကြောင်း သိရပါသည်။
ပြည်ပသို့တင်ပို့ရောင်းချခဲ့မှုသည် လွန်ခဲ့သည့်နှစ်အလားတူကာလမှာ ၅၂၁၈၀၂ စီးရှိရာမှ ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ကာ ၅၆၉၆၂၉ စီးအထိရှိကြောင်း သိရပါသည်။
တရုတ်ဈေးကွက်မှ ဝယ်လိုအား ပြည်လည်နာလန်ထူလာခြင်းကြောင့် ကားရောင်းအားခိုင်မာနေကြာင်း ဟွန်ဒိုင်းနှင့် ကီယာထံမှ သိရပါသည်။
ဧပြီလတွင်မူ ဟွန်ဒိုင်းရောင်းအားသည် ကား ၃၉၁၁၉၇ စီးရှိခဲ့ရာ ယခင်နှစ်ဧပြီလ၌ ၃၅၂၂၁၉ စီး ရောင်းချခဲ့သည်ထက် ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကီယာသည်လည်း ၂၁၉၅၈၀ စီး ရောင်းချခဲ့ရာမှ ၂၄၀၀၂၈ စီးအထိ တိုးတက်ရောင်းချခဲ့ရကြောင်း သိရပါသည်။
ပြစ်သစ်ရေးနော့နှင့် ဖက်စပ်ထုတ်လုပ်သည့် ရေးနော့ဆမ်ဆောင်းမှာမူ ယခု ဧပြီ၌ ၂၃၀၉၆ စီးရောင်းချခဲ့ရပြီး ယခင်နှစ် ၂၂၄၄၄ စီး ရောင်းချခဲ့သည်ထက် ၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
အဆိုပါ တောင်ကိုရီးယားနိုင်ငံ ကားကုမ္ပဏီ ငါးခုတို့၏ ဇန်နဝါရီလမှ ဧပြီလအထိ ကာလအတွင်း စုစုပေါင်း ကားရောင်းချရမှုသည် အစီးရေ ၂ ဒသမ ၆၂ သန်းရှိပြီး ယခင်နှစ် ကာလတူထက် အစီးရေ ၂ ဒသမ ၆၁ သန်း ရောင်းချခဲ့သည်ထက် သုည ဒသမ နှစ် ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း သိရပါသည်။
Myanmar Times