လယ်ယာထွက်ကုန်များထုတ်လုပ်တင်ပို့ရန်အတွက် ရင်းနှီးမြှုပ်နှံရန် ကိုရီးယားလုပ်ငန်းရှင်များက ကမ်းလှမ်း


22 June, 2018

ဆောက်လုပ်ရေးလုပ်ငန်းအပိုပစ္စည်းများကို ပြည်တွင်းတွင် ထုတ်လုပ်၍ ပြည်ပသို့ ပြန်ပို့မည့် လုပ်ငန်းနှင့် လယ်ယာထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ကာ ပြန်လည် တင်ပို့မည့် လုပ်ငန်းမာျး၌ ရင်းနှီးမြှုပ်နှံရန် ကိုရီးယားလုပ်ငန်းရှင်များက ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းတွင် ကိုရီးယားနိုင်ငံအနေနှင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံနိုင်သော်လည်း လယ်ယာထွက်ကုန်များနှင့် ပတ်သက်လျှင်မူ ၈ဝ ရာခိုင်နှုန်း သာ ရင်းနှီးမြှုပ်နှံနိုင်သောကြောင့် ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးနှင့် ဖက်စပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားလုပ်ငန်းရှင်များမှ မြေယာကိစ္စများကို ပြောကြားသည်။မြေနှင့်ပတ်သက်လျှင်ဖြစ်စေ အစိုးရပိုင်စက်ရုံများကို ငှားသည်ဖြစ်စေ နှစ် ၇ဝ အထိမြေငှားရမ်းပေးနိုင်သည်။

ကမ်းလှမ်းသည့်လုပ်ငန်းများသည်လည်း ဦးစားပေးရင်းနှီးမြှုပ်နှံမှုစာရင်းထဲတွင် ဝင်ငွေခွန်သက်သာခွင့်နှင့် အကောက်ခွန်သက်သာခွင့် များရရှိမည်ဖြစ်သည်။

ရန်ကုန်တွင်ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်လိုပါကမြေယာကိစ္စအတွက် စက်မှုဇုန် ၂၉ ဇုန်ရှိ တာဝန်ရှိသူများနှင့်ချိတ်ဆက်ပေးမည်ဖြစ်ပြီး နှစ်ရှည်ငှားရမ်းလိုပါက သီလဝါအထူးစီးပွားရေးဇုန်ရှိ မြေများကို ရရှိရန် ဂျပန်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးလုပ်သည့် နိုင်ငံ အဆင့်အနေနှင့် နံပါတ် ၆နေရာတွင်ရှိပြီး ၂ဝ၁၈ ခုနှစ်မေလ အထိ ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားကြောင်းသိရသည်။

 The Voice

Export, Import Investment/Divestment Read 591 times