ထွက်ခွာရန် အစီအစဉ် မရှိသေးတဲ့ ကူဘိုတာ


02 August, 2021

မြန်မာနိုင်ငံမှာ အရေးအခင်းများ ပေါ်ပေါ်နေပေမဲ့ ဂျပန်လုပ်ငန်း ကူဘိုတာက ထွက်ခွာဖို့ ဘာအစီအစဉ်မှ မရှိသေးပါဘူး။ လယ်ယာသုံး စက်ကိရိယာတွေ ဝယ်လိုအား မြင့်တက်နေပြီး နိုင်ငံရေး အရင်းခံ လှုံ့ဆော်မှု မရှိဘူးလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံကို စစ်တပ်က ထိန်းချုပ်ခဲ့ပြီးတဲ့နောက် နှစ်ဝက်နီးပါးအတွင်းမှာ ပြည်ပလုပ်ငန်း အများအပြားတို့ ထွက်ခွာသွားခဲ့ကြပါတယ်။ ရင်းနှီးမြှုပ်နှံမှုများ ပြန်ထုတ်ယူခြင်း၊ လုပ်လက်စ စီမံကိန်းများကို ရပ်ဆိုင်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်း၊ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်း၊ လုပ်ငန်းကို လက်လွှဲ ရောင်းချခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပါတယ်။ reportingasean.net က လုပ်ငန်းကြီး ၁၁ ခုကို ကောက်နုတ်တင်ပြခဲ့ပါတယ်။ 

ဂျပန်လုပ်ငန်းတွေ ဖြစ်တဲ့ ဘီယာလုပ်ငန်း Kirin Holdings Co Ltd က ဖက်စပ်လုပ်ငန်းမှ ထွက်ခွာခဲ့တယ်။ နောက်ထပ် ဂျပန်လုပ်ငန်း AEON က လက်လီအရောင်းအတွက် ဈေးဝယ်စင်တာ ဆောက်လုပ်နေတာကို ရွှေ့ဆိုင်းထားလိုက်တယ်။ ဂျပန်လုပ်ငန်း တိုယိုတာကလည်း သီလဝါမှ လုပ်ကိုင်မယ့် ကားစက်ရုံအသစ်ကို ရက်ရွှေ့ဆိုင်းထားလိုက်တယ်။ 
စင်ကာပူမှ လုပ်ငန်းတစ်ခုဖြစ်ပြီး ဆေးရွက်ကြီးလုပ်ကိုင်တဲ့ Lim Kaling က  Red Ruby နဲ့  Premium Gold ဆေးလိပ်ထုတ်လုပ်တဲ့ လုပ်ငန်းမှ နုတ်ထွက်လိုက်တယ်။ 
စက်မှုဉယျာဉ် ဆောက်လုပ်မယ့် စင်ကာပူလုပ်ငန်း Sembcorp က စီမံကိန်းကို ဆိုင်းငံ့ထားလိုက်တယ်။ 
ထိုင်းနိုင်ငံမှ အိမ်ရာဖွံ့ဖြိုးရေး လုပ်ကိုင်တဲ့ Amata Corp ကလည်း ရင်းနှီးမြှုပ်နှံမှုကို ဆိုင်းငံ့ထားလိုက်တယ်။ 
ကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ မလေးရှားကုမ္ပဏီ Petronas က ထုတ်လုပ်မှု ရပ်ဆိုင်းထားတယ်။ 
Peninsula Yangon ဟိုတယ်စီမံကိန်း လုပ်ကိုင်နေတဲ့ ဟောင်ကောင်ကုမ္ပဏီ Hong Kong & Shanghai Hotels က စီမံကိန်းကို ရပ်ဆိုင်းထားလိုက်တယ်။ 
ဩစတေးလျနိုင်ငံမှ ကမ်းလွန်ရေနံဓာတ်ငွေ့သိုက် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း  Woodside က အလုပ်ရပ်ဆိုင်းထားလိုက်တယ်။ 
ရေအားလျှပ်စစ် စီမံကိန်း လုပ်ကိုင်တဲ့ ပြင်သစ်လုပ်ငန်းက FRANCE Electricite de France က လုပ်ငန်းဆိုင်းငံ့ထားလိုက်တဘ်။ 
နော်ဝေကုမ္ပဏီ Telenor က သူ့လုပ်ငန်းကို ရောင်းချလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့တယ်။ 

လုပ်ငန်းခွဲတွေ၊ ဆိုင်ခွဲတွေ ဆက်လက်လုပ်ကိုင်ရင် ဆက်လက်အရှုံးပြမယ့်အရေး ရှိနေပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုန်းတီးကုန်မယ့်အရေးကြောင့် နောက်ဆုတ်ထွက်ခွာသွားကြတဲ့ ပြည်ပလုပ်ငန်းတွေ ရှိနေသလို ဆက်လက်လုပ်ကိုင်နေတဲ့ ပြည်ပလုပ်ငန်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဆက်လက်လုပ်ကိုင်တဲ့အတွက် ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ဂုဏ်ရိပ်  brand image အနည်းနဲ့အများ ထိခိုက်ပါတယ်။ 

ဂျပန်နိုင်ငံမှ လုပ်ငန်းတစ်ခု ဖြစ်တဲ့ ကူဘိုတာဟာ ပြည်ပနိုင်ငံတွေမှာ အတွေ့အကြုံတွေ အမြောက်အမြား ရှိထားပြီးသား ဖြစ်ပါတယ်။ ဥက္ကဋ္ဌဖြစ်သူ Yuichi Kitao က “အခြေအနေ အခုလို ဆိုးဝါးလာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ဘူး” လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ အခက်အခဲတွေ အများကြီး ရှိခဲ့တယ်။ အကောက်ခွန် ရှင်းလင်းရေးမှာလည်း ခက်ခဲတယ်။ လယ်ယာသုံးစက်ကိရိယာတွေ ထည့်ထားတဲ့ ကွန်တိန်နာတွေ ထုတ်လို့မရ ဖြစ်နေခဲ့တာကြောင့် မှာယူထားသူတွေထံ မပေးပို့နိုင်ခဲ့ဘူး။ ကွန်တိန်နာပေးပို့မှုတွေက မေလမှစလို့ တဖြည်းဖြည်း ပြန်စလာနိုင်ခဲ့တယ်။လို့ သူက nikkei သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ 
ဘဏ်လုပ်ငန်းတွေနဲ့ လုပ်ကိုင်ရတဲ့ အခက်အခဲကို သူက ပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာ ဘဏ်တွေ ပြန်ဖွင့်ခဲ့ပေမဲ့ ငွေသား မလုံလောက်ဘူး။ လယ်သမားတွေ ငွေသားထုတ်မရလို့ ရောင်းချလို့ မရနိုင်ခဲ့ဘူး။ အစိုးရပိုင်းနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေထံမှ ရေပေးဝေရေးနဲ့ ရေဆိုးစနစ် ဆောက်လုပ်ရေးအတွက် အမှာစာအသစ်တွေ မျှော်လင့်လို့ မရနိုင်ဘူး လို့ သူက ပြောပါတယ်။ 
ကူဘိုတာအနေဖြင့် မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်သွားမှာလို့ သူက အတည်ပြုပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ထွက်ခွာသွားရင် မြန်မာနိုင်ငံမှ ရရှိတဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၁၅ သန်း ခန့်ပဲ ရှိတာကြောင့် ကုမ္ပဏီတစ်ခုလုံးရဲ့ ဝင်ငွေအပေါ် ထိခိုက်မှု သိပ်မရှိလှပေမဲ့ ကူဘိုတာရဲ့ လယ်ယာသုံးစက်ကိရိယာတွေကို စောင့်နေကြတဲ့ လယ်သမားတွေ အများအပြား ရှိနေတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ခဲ့ပြီးတဲ့နောက်မှာ လယ်ယာသုံးစက်ကိရိယာ ဝယ်လိုအား ထိုးထက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျေးလက်နေ လယ်လုပ်သူများကို စီးပွားရေးနဲ့ စက်မှုကဏ္ဍတို့က ဆွဲဆောင်ခေါ်ငင်သွားကြလို့ လူအစား စက်တွေကို အားကိုးလာကြရလို့ ဖြစ်ပါတယ်လို့ သူက ရှင်းပြတယ်။ 
ကူဘိုတာအနေဖြင့် နိုင်ငံရေး အရင်းခံ လှုံ့ဆော်မှု မရှိဘူး။ စီးပွားရေးကို ဆက်လက်လုပ်ကိုင်နေခြင်းသာ ဖြစ်တယ်။ ဒါပေမဲ ဝန်ထမ်းတွေမှာ ကိစ္စရပ်တွေ ရှိနေတယ်ဆိုတာ နားလည်တယ်။ ဒီတော့ သူတို့ကို အလုပ်နားခွင့် သူတို့ လိုချင်တဲ့အခါတိုင်း ပေးတယ်။ သူတို့အထဲမှာ တချို့က ဆန္ဒပြတဲ့အထဲမှာ ပါဝင်တယ် ဆိုတာလည်း သူနားလည်တယ်လို့ ပြောပြပါတယ်။ ဝန်ထမ်းတွေက လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းကို ပြီးပြည့်စုံအောင်လုပ်သရွေ့ သူတို့ကို လစာမဖြတ်ဘဲ ခွင့်ရက်တွေ ပေးကြောင်းလည်း သူက ပြောပြတယ်။ 

စီးပွားရေးဖြစ်ထွန်းစနိုင်ငံတွေမှာ လုပ်ကိုင်ရတဲ့အခါ ကြုံရတဲ့ကိစ္စရပ်တွေကို သူက ပြောပြတယ်။ ထုံးစံအတိုင်း မမြင်ရတဲ့ နံရံတွေ ကားဆီးထားတယ်။ တိုင်းပြည်ရဲ့ အခြေအနေကို မှန်မှန်ကန်ကန် သဘောပေါက်ဖို့လိုတယ်။ အိန္ဒိယနိုင်ငံ ထရက်တာဈေးကွက်ဟာ ကမ္ဘာပေါ်မှာ ပမာဏအားဖြင့် အကြီးမားဆုံးဖြစ်ပြီး ကူဘိုတာက ဈေးကွက်ဝေစု ၂ % ခန့် ရရှိထားတယ်။ အဲဒီမှာ ကူဘိုတာရဲ့ထုတ်ကုန်တွေ စစချင်းမှာ ရောင်းမကောင်းခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဒီဇိုင်းတွေက လယ်ကွင်းထဲ လုပ်ကိုင်ဖို့အတွက်သက်သက် ဖြစ်နေတော့ ဝယ်သုံးရမှာ မတန်ဘူး။ ဒီတော့ ဒီဇိုင်းကို ပြင်ပေးလိုက်တယ်။ ဝန်လေးလေးလံလံ တင်ထားတဲ့ နောက်တွဲကို ဆွဲလို့ ရအောင်လုပ်ပေးလိုက်တယ်။ အစိတ်အပိုင်းတွေ ဝယ်ယူဖို့အတွက် ကုမ္ပဏီတစ်ခုကို ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ဖက်စပ်လုပ်ကိုင်ပြီး ထူထောင်ခဲ့တယ်။ ကုန်ကျစရိတ်တွေကို ပထမဆုံးအကြိမ် လျှော့ချနိုင်ခဲ့တယ်။ 

ကူဘိုတာက မြန်မာနိုင်ငံမှာ ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်။ လယ်ယာသုံးစက်ကိရိယာတွေ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့တယ်။ ရေပေးဝေရေးစနစ်နဲ့ ရေဆိုးစနစ်တွေကို လုပ်ကိုင်ခဲ့ပါတယ်။

ကူဘိုတာဟာ ယခုအခါ နိုင်ငံပေါင်း ၁၂၀ ကျော်မျာ လုပ်ကိုင်လျက်ရှိပြီး ပင်လယ်ရပ်ခြားမှ ရရှိတဲ့ ဝင်ငွေက ကုမ္ပဏီဝင်ငွေ စုစုပေါင်းရဲ့ ၇၀% ရှိပါတယ်။ 

Source : asia.nikkei.com,  reportingasean.net

Local News Read 578 times