ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ ဒေသထွက်သကြားသီးများ ဇူလိုင်လအတွင်း စတင်အရောင်းအဝယ်ပြုလုပ်နေပြီဖြစ်ကြောင်း ကျိုက်လတ်မြို့ဈေးရှိ သစ်သီးစုံရောင်းဝယ်ဈေးကွက်နှင့် သကြားသီး စိုက်ပျိုးသူများထံမှ သိရသည်။
သကြားသီးအပင်များသည်အရိပ်ရနှစ်ရှည်ပင်များဖြစ်ပြီး ဧပြီလ တွင် အဖူးအပွင့်များထွက်ရှိပြီး ဇူလိုင်လတွင် ခူးဆွတ်ရကြောင်း သိရသည်။
"နှစ်ရှည်ပင်ထဲမှာပါတယ်၊ အစေ့ကျရင်လည်း ပေါက်တတ်တဲ့ အမျိုးပါ။ သုံးနှစ် ကျော်ကျော်လေးနှစ်ဝန်းကျင်အတွင်းမှာ သီးပါတယ်။ ပြိုင်တူသီးတဲ့အသီးဖြစ်သလို ကာလတူပေါ်တော့ နောက်ပြီးဒီနှစ်ကလည်း အပင်တွေတော်တော်များများ သီးကြတာတွေ့ရပြီး ဈေးကွက်မှာလည်း ပေါနေတဲ့သဘောဖြစ်နေတဲ့အတွက်ဈေးကသိပ်မရပါဘူး"ဟု သကြား သီးပင် စိုက်ပျိုးသူတစ်ဦးက ပြောဆိုသည်။
ကျိုက်လတ်မြို့တွင် သကြားသီး အလုံးသေး ပလတ်စတစ်တစ်အိတ် လျှင် ကျပ် ၃၅၀၊ အလုံးလတ်တစ်အိတ်လျှင်ကျပ် ၅၀ဝ၊ အလုံးကြီး ရှယ်တစ်အိတ်လျှင် ကျပ် ၈၀ဝ၊ ရွေးကျ လက်ကျန်တစ်အိတ်လျှင် ကျပ် ၂၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
"လက်ဆောင်ပေးသူတွေနဲ့ အိမ်စားသုံးဖို့ ဝယ်တဲ့သူတွေ ပိုဝယ် ပါတယ်။ အပင်ကို ကြည့်ပြီး ကိုက်မယ့်ဈေးနဲ့ညှိပြီးတော့ ပုတ်ပြတ်နဲ့ ဝယ်ယူရောင်းတာပါ။ ဈေးကွက်ထဲဝင်တာ ရက် ၂၀ ကျော်ကျော် လောက်သာ ရှိသေးလို့ ရောင်းအားတက်နေပေမယ့် သကြားသီးဈေး ကွက်မှာ လှိုင်လှိုင်ပေါများနေတော့ အမြတ်နည်းပါတယ်"ဟု သကြား သီးလက်လီလက်ကား ရောင်းသူတစ်ဦးက ပြောဆိုသည်။
သကြားသီးများကို မော်လမြိုင်ကျွန်းမြို့၊ မအူပင်မြို့များမှလည်းထွက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မြို့နှင့် ရန်ကုန် တိုင်းဒေသကြီးသို့ တင်ပို့ရောင်းချလျက်ရှိသည်။
Myanmar Times