ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကြွေးတင်ခံ၍လုပ်မည်မဟုတ်ကြောင်း ဝန်ကြီးပြောကြား


10 July, 2018

ရခိုင်ပြည်နယ်၌ တည်ဆောက်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ အများ ဝေဖန်သကဲ့သို့ အကြွေးတင်ခံ လုပ်ကိုင်မည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောခဲ့ပါသည်။

“ကိုယ်ရင်းနှီးမြှုပ်နှံမှု ရှိသလောက် တိုင်းရင်းသား လုပ်ငန်းရှင်တွေရဲ့ စီမံခန့်ခွဲနိုင်မှုနဲ့ တရုတ်နိုင်ငံတို့နဲ့ ပူးပေါင်းပြီး တဆင့်ပြီး တဆင့် ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အများထင်သလို အကြွေးတင်တာတို့ မဖြစ်နိုင်ပါဘူး။ ဒါကိုလည်း ကျနော်တို့ ပညာ ရှင် နဲ့ သော်လည်းကောင်း လေ့လာသုံးသပ်ပြီး အကြံကောင်း ပေးနိုင်ပါတယ်။ သို့သော်လည်း သတင်း အချက်အလက် မရ တဲ့အခါ ဒါကို အကြွေးတင်ခံမယ်ဆိုတဲ့ အပိုင်းတွေကလည်း စိုးရိမ်သောကတွေနဲ့၊ တချို့ကလည်း ကျနော်တို့ အပေါ်မှာ တိုက်ခိုက်တဲ့ အနေနဲ့ ရေးတယ်လို့ ယူဆပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ပါသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ဆိုးကျိုးများ ရရှိနိုင်ခြင်းနှင့် တရုတ် နိုင်ငံသို့ မြန်မာနိုင်ငံ အနေနှင့် အကြွေးထောင်ချောက်မိမည်ဟု သတင်းများ ထွက်ပေါ်ခြင်းကြောင့် ယင်းသို့ ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒေါက်တာ သန်းမြင့်က “ဘာပဲဖြစ်ဖြစ် ဝေဖန် သုံးသပ်ချက်ကို ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ အလေးထားပါတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက နှစ်ဖက် အကျိုးမျှတမှု ရရှိဖို့ကို တရုတ်နိုင်ငံရော ကျနော်တို့ကရော သဘောထား တဲ့ အတွက် တချို့ထင်သလို ဒါ ဆိုးကျိုးတွေ မဟုတ်ဘဲနဲ့ ကောင်းကျိုးတွေ ရနိုင်တယ်လို့ ကျနော်တို့ ဘက်က သုံးသပ်တာ ရှိပါတယ်”ဟု ပြောဆိုသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်မည့် အစီစဉ်ကို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် အစိုးရက ကြေညာခဲ့ပြီး ဆိပ်ကမ်းတခုနှင့် အထူး စီးပွားရေးဇုန်တခု ပါဝင်မည် ဖြစ်ကာ စီမံကိန်း ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ဝန်းကျင်ရှိကြောင်း သိရသည်။

လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအနေနှင့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းကို ပြန်လည် သုံးသပ်နေခြင်း မဟုတ်ဘဲ စီမံကိန်း တင်ဒါရရှိထားသည့် တရုတ် CITIC Group ကုမ္ပဏီနှင့် ညိုနှိုင်းနေခြင်း ဖြစ်သည်ဟု စီးပွား/ကူး သန်း ဝန်ကြီး က ပြောခဲ့ပါသည်။

“ကျောက်ဖြူ စီမံကိန်းကို တရုတ် ကုမ္ပဏီနဲ့ ညိုနှိုင်းတာ ဖြစ်ပါတယ်။ ညိုနှိုင်းမှုအရ အတော်လည်း အလားအလာ ကောင်း တဲ့ အတွက် မကြာခင်မှာလည်း သဘောတူညီမှု ရပြီး ဒါကို ဆောင်ရွက်မှာ ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှု ကြီးမားတာရယ်။ စီမံ ခန့်ခွဲမှု အဆင့်မြင့်တာတွေကို စဉ်းစားပါတယ်”ဟု ၎င်းက ပြောသည်။

ထိုကြောင့် စီမံကိန်းကို ဆောင်ရွက်ရာတွင် တခါတည်းနှင့် အပြီးတည်ဆောက်မည်မဟုတ်ကြောင်း၊ အပိုင်းလိုက် အဆင့်ဆင့် ခွဲ၍ တည်ဆောက်သွားရန် နှစ်ဖက် သဘောတူညီမှု ယူထားကြောင်း ဒေါက်တာ သန်းမြင့် က ပြောခဲ့ပါသည်။

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း လုပ်ဆောင်ခြင်းအားဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိမှု၊ တရုတ်နိုင်ငံ ကုန်းတွင်း ပိတ်ဆို့နေသည့် ယူနန်ပြည်နယ်နှင့် နောက်ခံ ပြည်နယ်များ ဆက်သွယ်ရေး ရရှိစေရန်အတွက် နှစ်နိုင်ငံ အပြန်အလှန်ကြိုးစားမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ထို စီမံကိန်း၏ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို CITIC Group ကုမ္ပဏီက ရယူရန် အဆိုပြုထားပြီး ကျန် ရှယ်ယာ ၃၀ ရာခိုင် နှုန်း ကို မြန်မာအစိုးရက ရရှိမည်ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီက အထူး စီးပွားရေးဇုန် လုပ်ကိုင်ခွင့်ကို ၇၅ နှစ် လုပ်ကိုင်ခွင့် ရမည် ဖြစ်ကြောင်းလည်း သိရသည်။

Irrawaddy

Local News Read 2190 times