ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၏ အဓိကအစိတ်အပိုင်းဖြစ်သော ရေနက်ဆိပ်ကမ်းစီမံကိန်းကိုတရုတ်နိုင်ငံမှ CITIC ကုမ္ပဏီ က ၇ဝ ရာခိုင်နှုန်းနှင့် မြန်မာဘက်မှ ၃ဝ ရာခိုင်နှုန်း ရှယ်ယာအချိုးအစား ထည့်ဝင် အကောင်အထည်ဖော်သွားရန် လုပ်ဆောင်နေပြီဖြစ်သည်။
သဘောတူညီမှု
**********
ယခင်အစိုးရ လက်ထက်က သဘောတူညီမှုမှာ CITIC က ၈၅ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရဘက်က ၁၅ ရာခိုင်နှုန်းဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်၏ ပိုးလမ်းမစီမံကိန်းနှင့် ချိတ်ဆက်လာမည့် စီမံကိန်းတစ်ခုလည်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်ရရှိရေး၊ ဒေသဖွံ့ဖြိုးရေးမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအထိ ရည်ရွယ်သည့် စီမံကိန်းလည်း ဖြစ်သည်။
ယခုအစိုးရလက်ထက်တွင် ပြန်လည်ဆွေးနွေးမှုများလုပ်ခဲ့ပြီး လက်ရှိ ၇ဝ နှင့် ၃ဝအချိုးကို မူအားဖြင့် လက်ခံထားကာ မကြာခင်မူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးသွားမည်ဟု မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်း အဖွဲ့ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းမြင့်က ပြောသည်။
''အရင်းအနှီးထည့်ဖို့ကတော့ အချိုးအစားတွေ ရှိတယ်။ အလကားမယူပါဘူး။ ရှယ်ယာတော့ ထည့်ရမှာပေါ့။ မကြာခင် လက်မှတ်ထိုးတဲ့အခါကျ သိရမှာပေါ့။ ၃ဝ နဲ့ ၇ဝ ကလည်း လက်ခံနိုင်တဲ့ အနေအထားရှိတယ်''ဟု ၎င်းက ပြောသည်။
မြန်မာဘက်က ရရှိမည့် ရှယ်ယာ ၃ဝ ရာခိုင်နှုန်းတွင် အစိုးရက ၁၅ ရာခိုင်နှုန်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အစိုးရအသိအမှတ်ပြု အများပိုင်ကုမ္ပဏီက ၁၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံကြရမည် ဖြစ်သည်။
၂ဝ၁၈ ခုနှစ် မကုန်ခင်ဖြစ်လာမည့် မူဘောင်သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးရေးအတွက် သက်ဆိုင်ရာစာချုပ်အလိုက် မြေနှင့်ရင်းနှီးမြှုပ်နှံမှုကိစ္စများကို အသေးစိတ်ဆွေးနွေး ညှိနှိုင်းနေဆဲဖြစ်ပြီး အများစုမှာ အဆင်ပြေမည့် သဘောရှိသည်ဟု ဝန်ကြီးဦးသန်းမြင့်က ပြောသည်။
ကျောက်ဖြုအထူးစီးပွားရေးဇုန် တင်ဒါစိစစ်ရွေးချယ်ရေးနှင့် စိစစ်ရေးအဖွဲ့သို့ တရုတ်ကုမ္ပဏီဘက်က အဆိုပြုခဲ့သည့် အစုရှယ်ယာပိုင်ဆိုင်မှုအချိုးမှာ လေးမျိုးအထိ ရှိခဲ့သည်။ ပထမဆုံးအဆိုပြုသည့်အချိုးမှာ တရုတ်ဘက်က ၈၅ ရာခိုင်နှုန်း မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြစ်သည်။
နောက်ဆုံးအဆိုပြုအချိုး
**************
ယခုနောက်ဆုံး အဆိုပြုအချိုးဖြစ်သော တရုတ်ကုမ္ပဏီဘက်မှ ၇ဝ ရာခိုင်နှုန်း မြန်မာက ၃ဝ ရာခိုင်နှုန်းဖြစ်ပါက မြန်မာအစိုးရဘက်က ရရှိမည့် မြေငှားရမ်းအသုံးပြုခ Bid Price တွင် ယခင် အဆိုပြုအချိုးများထက် လျော့နည်းရရှိမည် ဖြစ်သကဲ့သို့ ချေးယူရမည့် ချေးငွေနှင့်ထည့်ဝင်ရမည့် ငွေလုံးငွေရင်းပမာဏမှာလည်း များလာမည်ဖြစ်သည်။
ပထမဆုံး တင်ဒါအဆိုပြု အချိုးဖြစ်သော ၈၅ : ၁၅ ရာခိုင်နှုန်းတွင် မြေငှားရမ်း အသုံးပြုခကို မြန်မာဘက်မှ အမေရိကန်ဒေါ်လာ ၂၅၅ ဘီလျံ ရရှိမည်ဖြစ်ပြီး ယခုသဘောတူမည့်၇၀ : ၃ဝ ရာခိုင်နှုန်းတွင် ကန်ဒေါ်လာ ၂၁ဝ ဘီလျံသာ ရရှိမည်ဖြစ်သည်။
ထို့ပြင် ၈၅ : ၁၅ အချိုး အဆိုပြုစဉ်က မြန်မာအစိုးရဘက်က ချေးငွေနှင့် ငွေလုံးငွေရင်းများ ထည့်ဝင်ရန် မလိုအပ်သော်လည်း ယခုအချိုးတွင် ချေးငွေကန်ဒေါ်လာ သန်း ၉ဝဝ အပါအဝင် စုစုပေါင်း ထည့်ဝင်ရမည့် ငွေလုံးငွေရင်းမှာ အမေရိကန်ဒေါ်လာ သန်း ၁,၁ဝဝ ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတွင် ဦးဆက်အောင်က ဥက္ကဌအဖြစ် တာဝန်ယူပြီးနောက်ကော်မတီနှင့် CITIC ကုမ္ပဏီတို့အကြား နှစ်ဖက်ညှိနှိုင်းမှုအရ မူဘောင် သဘောတူညီချက်မူကြမ်းကို သြဂုတ်လအတွင်းက မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ထံ တင်ပြခဲ့သည်။
ယင်းမူကြမ်းတွင် ပါဝင်သော အချက်အလက်များအရဆိုလျှင် သဘောတူညီမှုပုံစံသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကုမ္ပဏီအဖြစ် ကနဦးတည်ထောင်မည်ဖြစ်သည်။
ထို့နောက် အဆိုပါကုမ္ပဏီတွင် တရုတ်ကုမ္ပဏီ CITIC က ရှယ်ယာ ၇ဝ ရာခိုင်နှုန်း ယူမည်ဖြစ်ပြီး ယင်းရှယ်ယာအတွက် အမေရိကန်ဒေါ်လာ သန်း ၂၁ဝ ပေးချေသွားရမည် ဖြစ်သည်။
စီမံကိန်းအတွက် တည်ထောင်မည့် ကုမ္ပဏီနှင့် CITIC တို့သည် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ၏ အကျိုးအတွက်ဖြစ်စေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သို့မဟုတ် အခြားမြန်မာအာဏာပိုင်များ၏ အကျိုးအတွက်ဖြစ်စေ စီမံကိန်းမြေနှင့် ပတ်သက်၍ မြေငှားရမ်းခွင့်နှင့် လုပ်ငန်းအသုံးပြုခွင့်တို့အတွက် ကုန်ကျစရိတ်များ ထပ်မံကုန်ကျရန် တာဝန်မရှိဟုလည်း မူကြမ်းသဘောတူညီမှုတွင် ဆိုထားသည်။
အလျော့ပေးမှုများပါဝင်
**************
ယခု မူကြမ်းသဘောတူညီချက်များတွင် ယခင် တင်ဒါတင်သွင်းစဉ်က တင်ဒါပါ စည်းမျဉ်း၊ စည်းကမ်းပါ အချက်များကို ကျော်လွန်၍ အလျှော့ပေးမှုများလည်း ပါဝင်နေသည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စီစစ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောသည်။
'''ဥပဒေနဲ့ ဆွဲထားတဲ့ တင်ဒါစည်းမျဉ်းစည်းကမ်း၊ ကုမ္ပဏီဘက်က တင်ထားတဲ့ တင်ဒါအဆိုပြုလွှာ အဲဒါတွေအပေါ် သွေဖည်ပြီး လုပ်တဲ့ဟာမျိုးဆိုရင် ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်။ တင်ဒါစည်းမျဉ်းမှာလည်း မပေးထားတဲ့ အလျှော့ပေးမှုတွေ အများကြီး''ဟု ဦးအောင်ကျော်သန်းက ပြောသည်။
မူကြမ်းတွင်ပါဝင်သည့် အချက်အလက်များနှင့် ပတ်သက်၍ လတ်တလောတွင် ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း၊ နိုင်ငံတော်အကြီးအကဲများက အတည်မပြုသေးသည့်အတွက် အချိန်မရွေး ပြောင်းသွားနိုင်ပြီး အတည်ပြုပြီးပါက ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး ဦးအောင်စိုးက ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကော်မတီအနေဖြင့် စီမံကိန်းလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ရာတွင်လည်း မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့ထံ တင်ပြပြီးသတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဟု စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက လွှတ်တော်တွင် စက်တင်ဘာ ဒုတိယအပတ်က ပြောဆိုခဲ့သည်။
လျာထားမှု
*******
ရေနက်ဆိပ်ကမ်းအတွက် မူလက အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလျံ လျာထားခဲ့သော်လည်း ပထမအဆင့်ကို ဦးစွာတည်ဆောက်မည်ဆိုပါက ကန် ဒေါ်လာ ၁ ဒသမ ၃ဘီလျံခန့်ဖြင့်သာ စတင်စေမည်ဟု ဦးခင်မောင်ချိုက ဆိုသည်။
ယခင်မူလ ကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလျံကျော် လျာထားမှုသည် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ စုစုပေါင်းအဆင့် လေးခုစလုံးအတွက်ဖြစ်ပြီး ပထမအဆင့်တွင် ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်ဖြင့် စတင်ရန် လျာထားခဲ့ခြင်းဖြစ်သည်။
ပထမအဆင့်တွင် လုပ်ဆောင်မည့် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု အသေးစိတ်ကိစ္စရပ်များသည် လက်မှတ်ရေးထိုးပြီးမှသာ ပြောဆို၍ ရမည်ဖြစ်ပြီး မူကြမ်းကို အဆင့်ဆင့်အတည်ပြုချက် ရယူနေဆဲသာဖြစ်သည်။
''ဆိပ်ကမ်းစီမံကိန်းတစ်ခုလုံးအတွက် ခန့်မှန်းပြောရင် စုစုပေါင်းက ကန်ဒေါ်လာ ခုနစ်ဘီလျံထိ ရောက်သွားမှာပဲ။ တကယ်လက်တွေ့လုပ်ရင် ကျော်တောင် ကျော်သွားနိုင်တယ်။ လုပ်တဲ့အပေါ် မူတည်တယ်။ ကြိုပြောလို့မရဘူး။ တကယ်လုပ်မလား။ မလုပ်ဖူးလားဆိုတာက တကယ်လုပ်ရင်းနဲ့မှ ဆုံးဖြတ်မှာ၊ အသေးစိတ်တွက်ရတာ''ဟု ဦးအောင်စိုးက ပြောသည်။
ကြွေးမြီ
*****
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတည်ဆောက်ရန်အတွက် တရုတ်ကြွေးမြီ နစ်မြုပ်မည်ကို စိုးရိမ်ပူပန်မှုများနှင့်အတူ ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။ သီရိလင်္ကာတွင် ဒေါ်လာ တစ်ဘီလျံတန် ဆိပ်ကမ်းတည်ဆောက်နိုင်ရေး တရုတ်နိုင်ငံမှ ချေးခဲ့ရပြီး ပြန်မဆပ်နိုင်သည့်အတွက် ကြွေးမြီသက်သာရေး အစီအစဉ်အဖြစ် တရုတ်ကို ၉၉ နှစ်လုပ်ကိုင်ခွင့်ပေးခဲ့ရသည့် သာဓကများ ရှိခဲ့သည်။
ထို့ကြောင့် ယခင် တင်ဒါရွေးချယ်ခဲ့စဉ်က ကြွေးမြီမတင်ရအောင် စီစဉ်ထားခဲ့ကြောင်း သိရသည်။
''သီရိလင်္ကာက ဆိပ်ကမ်းလိုမဖြစ်အောင် ကုန်ကျစရိတ် လျှော့လိုက်ပြီးသား။ ကိုယ်မဖြစ်ချင်တဲ့ ကြွေးမြီနစ်မှာကို မဖြစ်အောင် အစကတည်းက လုပ်ပြီးသား။ တင်ဒါစည်းမျဉ်းစည်းကမ်းမှာလည်း ပါပြီးသား။ အခုဟာက ဘာတွေ သဘောတူ လုပ်ထားတယ်မသိဘူး။ အစိုးရကရမယ့် မြေငှားရမ်း အသုံးပြုခမှာလည်း နည်းသွားမယ်။ ထည့်ဝင်မှုကလည်း ပိုထည့်ရမယ်။ နောက်အဆင့်တွေအတွက် ချေးငွေကို ဘယ်လို တာဝန်ယူထားတယ်ဆိုတာ မဖော်ပြဘူး။ အဆင့်တစ်ခုလောက်နဲ့ပဲ ပြောထားတယ်'' ဟုတင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အဓိကစီးပွားရေး အကြံပေးဖြစ်သူ ရှောင်တန်နယ်လ်က ပြီးခဲ့သော မေလက စင်ကာပူတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် ကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလျံ ကုန်ကျမည့် ကျောက်ဖြူဆိပ်ကမ်းတည်ဆောက်မှုသည် ရူးသွပ်ခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။
တရုတ်ကုမ္ပဏီဘက်က ယခင် တင်ဒါတင်သွင်းစဉ်က အဆိုပြုခဲ့သည့် ပုံစံအရဆိုလျှင် ရေနက်ဆိပ်ကမ်းအတွက် ချေးငွေ ကန်ဒေါ်လာ သန်း ၉ဝဝ ကြွေးယူရမည် ဖြစ်သည်။
''ဆိပ်ကမ်းဆောက်တဲ့ အခါမှာတော့ ငွေကြေးချေးငှားမှုတော့ ရှိတာပေါ့။ အရင်းအနှီးတွေထည့်ဖို့ ချေးငွေ၊ အတိုးနဲ့ ပတ်သက်ပြီး လုပ်ထုံး၊ လုပ်နည်းနဲ့ပေါ့။ သို့သော်လည်း သက်သာတဲ့ ချေးငွေတစ်ခုကို ယူဖို့ကတော့ ဆက်လက်ညှိရမှာပါ။ အသက်သာဆုံးဖြစ်အောင်တော့ လုပ်သွားရမှာပေါ့''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က ပြောသည်။
မြန်မာအစိုးရအနေဖြင့် စီမံကိန်းအတွက် အတိုးနှုန်းသက်သက်သာသာ ရရှိရန် တရုတ်အပြင် အခြား ချေးငွေများကိုလည်း ရှာရမည်ဖြစ်ပြီး ယင်းကိစ္စရပ်များသည် စီမံကိန်းနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ် ချုပ်ဆိုရာတွင် ပါဝင်လာမည်ဟု ဦးသန်းမြင့်က ပြောသည်။