လပွတ္တာ စပါးများကို နိုင်ငံတကာဈေးကွက် ချိတ်ဆက်မည့်အစီအစဉ် မိတ်ဆက်


21 February, 2019

စင်ကာပူကုမ္ပဏီ Golden Sunland နှင့် ပြည်တွင်းရှိ မြန်မာ့ဩဘာ၊ Mercy Corps အဖွဲ့အစည်းတို့ ပူးပေါင်း၍ လပွတ္တာမှ စပါးများကို နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်ပေးမည့် 'Link to Labutta Market' (လပွတ္တာဈေးကွက်မှသည်) အစီအစဉ်ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ အစီအစဉ်သည် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရသည့် လပွတ္တာမြို့ကို ပြန်လည်တည်ဆောက်ရေး အစီအစဉ်အဖြစ် Mercy Corps က စီစဉ်ခဲ့သည်ဟု ထုတ်ပြန်ထားပါတယ်။

‘‘စပါးစိုက်တောင်သူတွေက အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်နေရပြီး ဆင်းရဲမွဲတေမှု အကျပ်အတည်းတွေကြားမှာ ပိတ်မိနေကြပါတယ်’’ ဟု Mercy Corps မှ တာဝန်ရှိသူ ဦးသက်ဦးက ပြောကြားပါတယ်။ ထိုအခက်အခဲများကို ကူညီရန် သဘာဝဘေးဒဏ်ခံရသည့် ဒေသများသို့ စွမ်းရည်နှင့် အရင်းအနှီးထောက်ပံ့မှုများ ဖြည့်ဆည်းပေးရန်ဖြစ်သည်ဟု ၎င်းက ဆိုပါတယ်။

ယခုအစီအစဉ်ကို လပွတ္တာမြို့နယ်အတွင်း စိုက်ဧက ၂၀၀ နှင့် တောင်သူ ၄၀ ဦးဖြင့် စတင်ခဲ့ပြီး လက်ရှိစီမံချက်အရ တောင်သူများ၏ အသက်မွေးဝမ်းကျောင်း နှင့် ဘဝရပ်တည်မှု ၃၀ ရာခိုင်နှုန်းအထိ တိုးတက်ရန်ဖြစ်သည်ဟု ဆိုပါတယ်။

စင်ကာပူကုမ္ပဏီ Golden Sunland က တောင်သူများ၏ မျိုးစေ့ကစတင်ပြီး ရိတ်သိမ်းသည်အထိ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာရေး တာဝန်ယူမည်ဖြစ်ပြီး ထွက်ရှိလာသည့် စပါးများကိုလဲ ဝယ်ယူ၍ နိုင်ငံတကာသို့ တင်ပို့ရောင်းချခြင်းကို စင်ကာပူကုမ္ပဏီက ကူညီမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းသုံးခုက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဆိုပါလုပ်ငန်းကို မြန်မာ့ဩဘာလုပ်ငန်းက မြေဆီလွှာစစ်ဆေးခြင်း၊ စိုက်ပျိုးရေးအကြံပေး ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့် ကောင်းများနှင့်အညီ အထွက်နှုန်းတိုးစေရန် ကူညီမည်ဖြစ်ပါတယ်။

7day daily

Export, Import Read 458 times