ရင်းနှီးမြှုပ်နှံသူများအတွက် မြေယာဘဏ်ဆိုင်ရာ အမိန့်ကြော်ငြာစာ မကြာမီထုတ်ပြန်မည်


13 May, 2019

ရင်းနှီးမြှုုပ်နှံသူများအတွက် မြေယာရရှိနိုင်မှုကို အထောက်အပံ့ဖြစ်စေမယ့် မြေယာဘဏ်ဆိုင်ရာ အမိန့်ကြော်ငြာစာကို မကြာမီထုတ်ပြန်မှာဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ရင်းနှီးမြှုုပ်နှံသူများအတွက် အဟန့်အတားဖြစ်နေတဲ့ မြေယာပြဿနာဖြေရှင်းနိုင်ရေးအတွက် အစိုးရပိုင်မြေများကို စာရင်းအင်းပြုစုထားတဲ့ မြေယာဘဏ် (Land မြင် Bank) ထူထောင်ဆောင်ရွက်မှာဖြစ်တယ်လို့ ရင်းနှီးမြှုုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားပါတယ်။

“အစိုးရဝန်ကြီးဌာနတွေပိုင်တဲ့ မြေတွေကို ဝန်ကြီးဌာနတိုင်းမှာ ညောင်နှစ်ပင်မှာရှိတယ်။ မန္တလေး၊ စစ်ကိုင်းမှာရှိတယ်။ စသဖြင့် ပိုင်တဲ့မြေတွေကို စာရင်းအင်းနဲ့ ထားမယ်။ သမ္မတရုံးဆိုလည်း သမ္မတရုံး၊ အစိုးရရုံးဆိုလည်း အစိုးရရုံးပေါ့။ လုပ်ငန်းရှင်တွေက ဧက ၂ဝဝဝ လိုချင်ပါတယ်ဆိုရင် ကျွန်တော်တို့က စစ်ကိုင်းမှာလား၊ မန္တလေးမှာလား၊ ဧရာဝတီမှာလား။ ဒါတွေကို သူတို့နဲ့ချိတ်ပေးလိုက်ရင် စီမံကိန်းက မြန်မြန်ဆန်ဆန်စနိုင်မယ်။ မြင်သာထင်သာမယ်။ ကြားမှာခံထားတာ မရှိဘူးဆိုတာဖြစ်အောင် လုပ်နေပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က “မြေယာဘဏ်ဆိုင်ရာ အမိန့်ကြော်ငြာစာတစ်စောင်ကိုလည်း မကြာမီကာလအတွင်း ထုတ်ပြန်သွားနိုင်မှာဖြစ်ပါတယ်။ ယင်းမြေယာဘဏ်က မြေယာဆိုင်ရာသတင်းအချက်အလက်များကို တစ်နေရာတည်းမှာ ပြည့်စုံစွာရရှိနိုင်မှာဖြစ်ပြီး ရင်းနှီးမြှုုပ်နှံသူများအတွက် မြေယာရရှိနိုင်မှုကို များစွာအထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်” လို့ ပြောကြားပါတယ်။

မြေယာဘဏ် တည်ထောင်ခြင်းသည် ပုဂ္ဂလိကရင်းနှီးမြှုုပ်နှံသူများနဲ့ မြေယာအရင်းအမြစ်များကို ထိရောက်ပြီး ပွင့်လင်းမြင်သာသည့် နည်းလမ်းဖြင့် ဆက်သွယ်ရာတွင် အထောက်အကူပြုကြောင်း၊ မြေယာကိစ္စများသည် ရင်းနှီးမြှုုပ်နှံသူများက တင်ပြထားသည့် အဓိက အဟန့်အတားများထဲမှ တစ်ခုဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် မြန်မြန်ဆန်ဆန်တိုးတက်မှုရှိအောင် လုပ်ကိုင်နိုင်သည့် နယ်ပယ်တစ်ခုလည်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောပါတယ်။

နိုင်ငံတော်အစိုးရပိုင်းက ခိုင်မာသည့် မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းမူဘောင်များကို ချမှတ်အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍနှင့်လည်း အတူတကွပူးပေါင်း၍ တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော စီးပွားရေးဝန်းကျင်ဖြစ်စေရန် ဆောင်ရွက်ကြရမယ်လို့ ၎င်းကဆိုပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်မတို့အနေနဲ့ ရင်းနှီးမြှုုပ်နှံသူများကို အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) လုပ်ငန်းစဉ်တွေကို ကျင့်သုံးကြဖို့အားပေးလိုပါတယ်။ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ စီမံကိန်းဘဏ်အမိန့်ကြော်ငြာစာမှာ အစိုးရအနေနဲ့ PPP စီမံကိန်းများကို စီးပွားဖြစ် ဆောင်ရွက်နိုင်စေဖို့ နည်းလမ်းအဖုံဖုံပါဝင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီအမံများအပါအဝင် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ပံ့ပိုးပေးနိုင်မယ့် သတင်းအချက်အလက်များ ပါဝင်ပါတယ်။ အဆိုပါအမိန့်ကြော်ငြာစာက အရည်အသွေးရှိ ပုဂ္ဂလိကရင်းနှီးမြှုုပ်နှံသူများကို ဆွဲဆောင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ပြောကြားပါတယ်။

Daily Eleven

Investment/Divestment Read 455 times