လာအိုနိုင်ငံမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှာ ရေကာတာ ကျိုးလို့ ရေလုံးကြီး စီးဆင်းပြီး ရေကြီးသွားတာမို့ အသက်အိုးအိမ်တွေ ထိခိုက်ကုန်တယ်။
အခုလို ကျိုးပျက်ရတာဟာ ပုံမှန်အဆင့်ဖြင့်သာ ရေကာတာကို တည်ဆောက်ခဲ့တာကြောင့်လို့ စွမ်းအင်နှင့် သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကျိုးပျက်ခဲ့တဲ့ ရေကာတာက ပင်မဆည်ကြီးမှ လျှံထွက်လာတဲ့ရေတွေကို အရံအတားအဖြစ် ထိန်းသိမ်းပေးထားဖို့ ဆောက်ထားတဲ့ ဆည်ဖြစ်ပါတယ်။ “တောင်ကြောဆက် ဒီ “ လို့ စီမံကိန်းမှာ အမည်ပေးထားတဲ့ ရေကာတာ ဖြစ်ပါတယ်။
စွမ်းအင်နှင့် သတ္တုတွင်း ဝန်ကြီး ခါမာနီ အင်သီရာက သတင်းစာရှင်းလင်းပွဲမှာ လာအိုတောင်ပိုင်းမှာ မိုးရွာသွန်းမှု များပြားလွန်းပြီးတဲ့နောက်မှာ ဆည်အတွင်း ရေအမြင့် လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး ရေကာတာက ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ကြောင်း ပြောပြခဲ့ပါတယ်။ ရေကာတာ တည်ဆောက်တာမှာ ပါဝင်တဲ့ ကုမ္ပဏီတွေအနေဖြင့် အခုဖြစ်ရပ်အတွက် တာဝန် မရှိဘူးလို့ ပြောလို့ရမယ့် အနေအထားမှာ မရှိဘူးလို့လည်း သူက ပြောကြားပါတယ်။
ရေအားလျှပ်စစ် စီမံကိန်း ဆည်ကြီးကို မဲခေါင်မြစ်ရဲ့ မြစ်လက်တက်တစ်ခုပေါ်မှာ တည်ဆောက်ထားတယ်။ ဆည်ကြီးတည်ဆောက်တာအတွက် ကုန်ကျစရိတ်ကို ၁ ဒဿမ ၀၂ ဘီလျံ လို့ ခန့်မှန်းထားတယ်။
ဆည်စီမံကိန်းကို ၂၁၀၃ ခုနှစ်မှ စတင်ခဲ့ပြီး Xe-Pian Xe-Namnoy Power Company (PNPC) က ဦးဆောင်သူ ဖြစ်ပါတယ်။ တည်ဆောက်လုပ်ကိုင်လက်လွှဲ BOT build-operate-transfer စီမံကိန်း ဖြစ်သည်။ PNPC နဲ့ အတူလက်တွဲ လုပ်ကိုင်ဖို့ ဖက်စပ်လုပ်ငန်းအဖြစ် ၂၀၁၂ မတ်လမှာ ထူထောင်တော့ တောင်ကိုရီးယားမှ SK Engineering and Construction (SK E&C), Korea Western Power (KOWEPO), ထိုင်းမှ Ratchaburi Electricity Generating Holding (RATCH)နဲ့ Lao Holding State Enterprise (LHSE) တို ပါဝင်ခဲ့ကြပါတယ်။ LHSE ဟာ လာအို နိုင်ငံပိုင်လုပ်ငန်းကြီး ဖြစ်ပါတယ်။ ၄၁၀ မီဂါဝပ် ထုတ်လုပ်မှာ ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ရောင်းချပြီး အစိုးရအတွက် ဝင်ငွေရယူမှာ ဖြစ်ပါတယ်။
SK Engineering & Construction ကို CNN က မေးမြန်းခဲ့တာမှာ လောလောဆယ် ကယ်ဆယ်ရေး ကြိုးပမ်းမှုကို အားစိုက်နေရတာမို့ ဘာကြောင့် အခုလို ဖြစ်ကုန်ရသလဲဆိုတာ စုံစမ်းစစ်ဆေးမှုကို နောက်တော့မှ လုပ်မယ်လို့ ပြန်ကြားခဲ့ပါတယ်။
အခုအခါ Xepian Xe Nam Noy Dam ကျိုးပျက်တာ တစ်ပတ်ကျော်ပြီ ဖြစ်ပြီး ရွာတွေမြို့တွေကို ရေ ကုဗမီတာ ၅ ဘီလျံက ဝါးမျိုးသွားခဲ့ပါတယ်။ အထိနာတာ Attapeu ခရိုင် ဖြစ်ပါတယ်။
အပျက်အစီးက လာအိုမှာတင် မပြီးပါဘူး။ ရေညှာကနေ စီးလာမယ့် ရေတွေ ရောက်လာမယ့် နေရာတွေမှာ နေထိုင်တဲ့သူတွေကို ကမ္ဘောဒီးယား အစိုးရက ကြေညာချက်ထုတ်ပြန်ပြီး နေရာရွှေ့ပြောင်းပေးနေပါတယ်။
ရေတွေ ချက်ချင်းများလာပြီး ရေကာတာကို လျှံကျရာမှ ထိပ်ပိုင်းကို ရေအားက ချိုးချပြီး ပျက်စီးသွားတာကြောင့် ရေတွေ အလုံးအရင်းဖြင့် စီးထွက်ကုန်တယ်လို့ ဆည်တာဝန်ခံတစ်ဦးက ပြောကြားခဲ့ပါတယ်။ အခြေအနေ မကောင်းတော့တာကို သုံးရက်ကြိုသိခဲ့ပြီး သက်ဆိုင်ရာ အစိုးရဌာနကို အကြောင်းကြားခဲ့တယ်။ ရေစီးဆင်းရင် မလွတ်ကင်းတဲ့ ကျေးရွာအချို့ကို ရွှေ့ပြောင်းပေးနေစဉ်မှာ အခုလို ရေကာတာ ကျိုးကျသွားခဲ့တာ ဖြစ်ပါတယ်။
ကုန်တွင်းပိုင်းနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံဟာ ပြည်တွင်းမှာ ရေအားလျှပ်စစ် စီမံကိန်း အကြီးစားများကို အကောင်အထည်ဖော်ပြီး ထိုင်းနိုင်ငံအပါအဝင် အိမ်နီးနားချင်း နိုင်ငံတွေကို လျှပ်စစ်ဓာတ်အား တင်ပို့ ရောင်းချတဲ့ မဟာဗျူဟာကို အကောင်အထည်ဖော်နေတာမှာ ယခု Xepian Xe Nam Noy Dam လည်း အပါအဝင် ဖြစ်ပါတယ်။
ဇန်နဝါရီလမှာ လာအို ဝန်ကြီးချုပ် ထောင်လွန်း ဆီဆုလစ် မြန်မာနိုင်ငံသို့ လာရောက်စဉ်က လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံက ဝယ်ယူဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
လာအို ကနေ ဝယ်ယူတဲ့ လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား မရရှိသေးတဲ့ ဒေသတွေကို ဖြန့်ဖြူးရောင်းချပေးဖို့ ယခုလို စီစဉ်တာ ဖြစ်ပါတယ်။