ခြောက်နှစ်အတွင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ကို လာအိုနိုင်ငံက မြန်မာသို့ ရောင်းချရန် စီစဉ်


22 February, 2019

လာအိုနိုင်ငံက မြန်မာနိုင်ငံသို့ လာမည့်ခြောက်နှစ်အတွင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ တင်ပို့ရောင်းချရန် စီစဉ်ထားကြောင်း လာအိုနိုင်ငံ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လာအိုနိုင်ငံသည် ၂၀၂၅ တွင် ဒေသတွင်း လျှပ်စစ်သယ်ဆောင်ပို့လွှတ်ရေးစင်တာတစ်ခု ဖြစ်လာရန် ရည်ရွယ်ကာ မူဝါဒချမှတ်ထားခြင်းဖြစ်ပြီး ထိုစီမံချက်အရ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရန်  နှစ်စဉ်လျှပ်စစ်မဂ္ဂါဝပ် ၁၄,၈၀၀ လိုအပ်မည်ဖြစ်ပါတယ်။

လာမည့်ခြောက်နှစ်အတွင်း ထိုင်းနိုင်ငံသို့ မဂ္ဂါဝပ် ၉,၀၀၀၊ ဗီယက်နမ်နိုင်ငံသို့ မဂ္ဂါဝပ် ၅,၀၀၀၊ မြန်မာနိုင်ငံသို့ မဂ္ဂါဝပ် ၅၀၀၊ ကမ္ဘောဒီးယားနိုင်ငံသို့ မဂ္ဂါဝပ် ၂၀၀ နှင့် မလေးရှားနိုင်ငံသို့ မဂ္ဂါဝပ် ၁၀၀ ရောင်းချမည်ဟု လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန၊ စွမ်းအင်စီမံဌာနညွှန်ကြားရေးမှူး Sichard Boudshakittilath က ပြောပါတယ်။

မြန်မာနိုင်ငံတွင် လက်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် မဂ္ဂါဝပ် ၃,၀၀၀ ကျော်ရှိပါတယ်။ လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရေးအပါအဝင် မြန်မာ- လာအိုနှစ်နိုင်ငံ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖေဖော်ဝါရီ ၁၄ ရက်တွင် လာအိုနိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။

လာအိုနိုင်ငံ လန်ပရာဘန်မြို့တွင် ကျင်းပသည့် မြန်မာ-လာအိုနှစ်နိုင်ငံ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲ နှင့် ဆက်စပ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သွားရောက်ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုဖြည့်တင်းနိုင်ရန် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရေး နားလည်မှုစာချွန်လွှာကို ၂၀၁၈ ဇန်နဝါရီတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါတယ်။

အထက်ပါ နားလည်မှုစာချွန်လွှာတွင် လာအိုနိုင်ငံမှ လျှပ်စစ်ဝယ်ယူရေးပါဝင်ပြီး လက်ရှိ၌ ကနဦး သဘောတူညီချက်မူဝါဒကို လက်မှတ်ရေးထိုးခြင်းဖြစ်သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆိုထားပါတယ်။

လာအိုနိုင်ငံတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄၂ ရုံရှိပြီး လျှပ်စစ်ဓာတ်အား ၆,၃၉၁ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပါတယ်။

7daily

Local News Read 414 times