၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း မြေယာငှားရမ်းမှုစရိတ်များ ကျပ်ငွေဘီလီယံနှင့်ချီ၍ အစိုးရ၏ စီမံခန့်ခွဲမှုအမှားများကို ရန်ကုန်မြို့ရှိ စာရင်းစစ်ချုပ်ရုံးက တွေ့ရှိခဲ့ရကြောင်း တိုင်းဒေသကြီး ဥပဒေကြမ်းနှင့် ပြည်သူ့ ငွေစာရင်းကော်မတီ၏ အဆိုအရသိရသည်။
ကုမ္ပဏီအများအပြားက မြေငှားရမ်းခအချိန်မီ မပေးချမှုများရှိကြောင်း၊ နောက်ကျသည့် ငွေပေးချေမှုများကို ဒဏ်ရိုက်ခြင်းမရှိကြောင်း၊ ၎င်းတို့နှင့် ချုပ်ဆိုထားသော သဘောတူစာချုပ်များ၌ပင် ဒဏ်ရိုက်မည့်ကိစ္စမပါဝင်ကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်စက်တင်ဘာ ၂၄ရက်ကကျင်းပသည့် အစည်းအဝေးမှာ ပြောကြားခဲ့သည်။
နောင်အနာဂတ်တွင် ချုပ်ဆိုသွားမည့်စာချုပ်များတွင် နောက်ကျပေးချေမှုအပေါ် ဒဏ်ရိုက်သည့်အချက်ကို ထည့်သွင်းချုပ်ဆိုသင့်ကြောင်း အဆိုပါကော်မတီက အကြံပြုသည်။
ကုမ္ပဏီတခုဆိုလျှင် ရန်ကုန်မြို့လယ်ရှိ အစိုးရရုံးဟောင်းကို ငှားရမ်းပြီး တနှစ်စာကျပ်ငွေသန်း ၄၀၀ (အမေရိကန် ဒေါ်လာ၂၅၀,၀၀၀) ပေးချေရမည်ဖြစ်သော်လည်း ယမန်နှစ် အောက်တိုဘာလကတည်းက ပေးချေမှုမရှိကြောင်း ဦးတင့်လွင်က နမူနာအနေဖြင့် ထောက်ပြသည်။
တိုင်းဒေသကြီးတာဝန်ရှိသူများကလည်း အရှေ့ဒဂုံမြို့နယ်၊ စက်မှုဇုန်ဖွံ့ဖြိုးရေး သဘောတူစာချုပ်ချုပ်ရာတွင် စည်းမျဉ်း စည်းကမ်းချိုးဖောက်မှုများရှိကြောင်း သူကပြောသည်။
အဆိုပါ စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက် ၂၀၁၆ခုနှစ်တွင် အစိုးရက ကုမ္ပဏီနှစ်ခုကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ယင်းသဘောတူ ကန်ထရိုက်စာချုပ်အရ ၎င်းကုမ္ပဏီများသည် စာချုပ်ပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်ပြီးမှ ဂရန်ထုတ်ပေးမည်ဖြစ်သည်။
သို့သော် ကုမ္ပဏီတခုသည် ကန်ထရိုက်စာချုပ် မချုပ်ရသေးမီမှာပင် ဂရန်ရခဲ့ပြီးနောက် တခြားကုမ္ပဏီများလည်း စာချုပ်ချုပ်ပြီး ရက်သတ္တတပတ် အကြာကာလတိုအတွင်း ဂရန်ရရှိနေခဲ့ကြောင်းကော်မတီက စိစစ်တွေ့ရှိခဲ့သည်။
အကောင်အထည်ဖော်နေစဉ်အတွင်း ၎င်းတို့ကို စည်းမျဉ်းစည်းကမ်း လိုက်နာရန် တိုက်တွန်းနိုင်မည့်အခွင့်အရေး ဆုံးရူံးသွားမည်ဖြစ်ကြောင်း၊ ပထမကုမ္ပဏီက ၇လ နောက်ကျပြီးမှ ငှားရမ်းခပေးချေခဲ့ကြောင်း၊ ဒုတိယကုမ္ပဏီသည် ၃လစာနောက်ကျပြီးမှပေးချေကြောင်း၊ သူတို့ကို ကန်ထရိုက်စာချုပ်ထဲမှာ နောက်ကျကြေးထည့်မထား၍ အစိုးရအတွက် နောက်ကျဒဏ်ကြေးမရတော့ကြောင်း ဦးတင့်လွင်ကရှင်းပြသည်။
လေလံခေါ်ယူခြင်းမရှိ၍ ရန်ကုန်ဆင်ခြေဖုံးရှိ ၅၄၇ဟက်တာ အကျယ်ရှိ ရာဘာစိုက်ခင်းအတွက် အခွန်ရရှိမှုလည်း အစိုးရအတွက်ဆုံးရှုံးကြောင်းသူကဆက်ပြောသည်။
ရန်ကုန်ယာဉ်ကြောထိန်းချုပ်ရေး စင်တာတည်ဆောက်ရေးအတွက် လေလံအောင်ခဲ့သည့် ကုမ္ပဏီအနေဖြင့်လည်း ၎င်း တာဝန်ယူထားသည့် စီမံကိန်းပြီးစီးမှုမရှိသည့်အတွက် ဒဏ်ကြေးပေးရန် ပျက်ကွက်ခဲ့ကြောင်း စာရင်းစစ်က ထပ်မံ ဖော်ထုတ်နိုင်ခဲ့သည်ဟု ကော်မတီ၏အဆိုအရသိရသည်။
၂၀၁၆ခုနှစ် ဖေဖော်ဝါရီလက တရုတ်ရထားလမ်းပိုင်း ၂၁ရာစုဗျူရိုအုပ်စုကုမ္ပဏီ(China Railway 21st Bureau Group Co. Ltd) နှင့် မြန်မာရွှေယင်း နိုင်ငံတကာကုမ္ပဏီတို့က အဆိုပါယာဉ်ကြော ထိန်းချုပ်ရေး စင်တာ တည်ဆောက်ရန် ကျပ်ငွေ၁၈ဒသမ၉ဘီလီယံ (ဒေါ်လာ၁၁ဒသမ၈သန်း) တန်ဖိုးကို တိုင်းဒေသကြီးအစိုးရကခွင့်ပြုထားခဲ့သည်။
ကေဘယ် ကြိုးတပ်ဆင်ရေးအတွက် အာဏာပိုင်များနှင့် သဘောတူညီမှုမရ၍ ယင်းကုမ္ပဏီ အနေဖြင့် ယင်းစီမံကိန်းကို ၆လအတွင်း ပြီးစီးရန် တာဝန်ရှိသော်လည်း အဆုံးသတ်နိုင်ခြင်း မရှိသေးပေ။
အဆိုပါကုမ္ပဏီသည် နေ့စဉ် ကျပ်ငွေ ၁၀၀,၀၀၀ပေးသွင်းရန် ယခင်က သဘောတူညီ ထားသော် လည်း၂၀၁၅-၁၆ ဘဏ္ဍာ နှစ်အတွက် ကျပ်ငွေ၂၁သန်းသာ ပေးသွင်းခဲ့ပြီး နောက်ပိုင်းတွင် ပေးသွင်းမှု ရပ်တန့်သွားခဲ့ ကြောင်း ဦးတင့်လွင်က ပြောသည်။
အစိုးရအနေဖြင့်၎င်းစီမံကိန်း ပြီးစီးရန် တတိယကုမ္ပဏီတခု ရှာရန်ကော်မတီကအကြံပြုသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီတခုက နှစ်စဉ်ငှားရမ်းခ ကျပ်ငွေ ၃ဘီလီယံ (ဒေါ်လာ၁ဒသမ၈၇သန်း) ပေးသွင်းရန် ပျက်ကွက်ခဲ့ကြောင်း ကော်မတီကဖြည့်စွက်ပြောဆိုသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အစိုးရက အများစုပိုင်ဆိုင်သည့် ခရီးသည်တင်ယာဉ်လိုင်း ကုမ္ပဏီနှစ်ခုအနေဖြင့် ကျပ်ငွေ၃ဒသမ၅ ဘီလီယံ (ဒေါ်လာ၂ဒသမ၁၉သန်း) ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်စာရင်းစစ်ချုပ်ရုံး ၏ အစီရင်ခံက ဖော်ထုတ်တင်ပြသည်။
irrawaddy