မုံရွာဒေသ သားရေဖိနပ်လုပ်ငန်း ဝယ်လိုအား ကျဆင်း


05 February, 2021

ချင်းတွင်းမြစ်အထက်ပိုင်းရွှေမျောလုပ်ငန်းအချို့ ရပ်နားခဲ့ပြီးနောက်ပိုင်း မုံရွာဒေသသားရေဖိနပ်လုပ်ငန်း ဝယ်လိုအားသိသိသာသာကျဆင်းခဲ့ကြောင်း မုံရွာမြို့နယ် ကံပြားကျေးရွာဒေသခံ ဖိနပ်လုပ်ငန်းရှင်များမှ ပြောကြားပါသည်။

မုံရွာမြို့နယ် ကံပြားကျေးရွာမှ ထုတ်လုပ်သည့် သားရေဖိနပ်များကို ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့ အဓိကတင်ပို့ရောင်းချနေရာ လွန်ခဲ့သော၂နှစ်ခန့်မှ စတင်၍ ရွှေတူးဖော်ရေးလုပ်ငန်းတစ်ချို့ ရပ်နားခြင်းကြောင့် ဖိနပ်ဝယ်လိုအားကျဆင်းခဲ့ကြောင်းကံပြားကျေးရွာတွင် နှစ်၆၀ခန့်  ဖိနပ်လုပ်ငန်းလုပ်ကိုင်သူ စိန်နာရီဖိနပ်လုပ်ငန်းမှ ပြောကြားကြောင်းသိရပါသည်။

ယခင်အချိန်တွင် ဖိနပ်ကိုကြိုတင်မှာယူရသော်လည်း ယခု ရွှေမျောလုပ်ငန်းများရပ်နားထားသောကြောင့် ဖိနပ်ဝယ်လိုအားနည်းနေ၍ ဖိနပ်လက်ကျန်များရှိနေကြောင်း သိရပါသည်။

ကံပြားရွာတွင် လွန်ခဲ့သော၁၀ခန့်က ဖိနပ်လုပ်ငန်းလုပ်ကိုင်သူ ၄၀ကျော်ရှိသော်လည်း ရွှေမျောလုပ်ငန်းရပ်နားထားခြင်းကြောင့် ဖိနပ်လုပ်ကိုင်သူ၁၀ဦးခန့်သာကျန်ရှိကြောင်း သိရပါသည်။

မုံရွာမြို့ကံပြားကျေးရွာ ဖိနပ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးမှ ဖိနပ်တစ်ရန် ငါးထောင်ဝန်းကျင်ခန့်ရှိပြီး စျေးမတက်သည်မှာ ငါးနှစ်ခန့်ရှိကြောင်းနှင့် ဖိနပ်လုပ်ငန်းကို ကြီးကြီးမားမားလုပ်ကိုင်သောလုပ်ငန်းမှာ စိန်နာရီနှင့် ပက်ကားဖိနပ်လုပ်ငန်းသာရှိပြီး အများစုမှာ တစ်နိုင်တစ်ပိုင်သာ လုပ်ဆောင်ကြောင်း ပြောကြားပါသည်။

ထို့အပြင် အထက်ပိုင်းမှ ရွှေမျောလုပ်ငန်းနားနေသောကြောင့် ဖိနပ်ဝယ်လိုအားကျလာသည့်အပြင် ပြည်ပမှစျေးသက်သာသော ဖိနပ်များဝင်လာသောကြောင့် ဒေသထွက်ဖိနပ်ဝယ်လိုအားကျဆင်းလာခြင်း ဖြစ်ကြောင်း သိရပါသည်။

မုံရွာမြို့နယ် ကံပြားကျေးရွာတွင် လွန်ခဲ့သော နှစ်၆၀ကျော်ကစတင်၍ သားရေဖိနပ်လုပ်ငန်းကို ရွာလုံးကျွတ်လုပ်ကိုင်သော်လည်း ယခုနှစ်အတွင်း ဖိနပ်ဝယ်လိုအားကျဆင်းသောကြောင့် ဖိနပ်လုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်သာကျန်ရှိသည်ဟုဒေသခံများမှပြောကြားကြောင်း သိရပါသည်။

Source:seven day journal

Industry Reviews Read 764 times