မြန်မာနိုင်ငံရှိ ဧကနည်းလယ်သမား တစ်သိန်းကျော်အတွက် လာမယ့် ငါးနှစ်တာကာလအတွင်း ချေးငွေ အလွယ်တကူရရှိနိုင်မယ့် အစီအစဉ်တစ်ရပ်အဖြစ်အမေရိကန်ဒေါ်လာ ရှစ်သန်းတန် စာချုပ်ကို အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်နဲ့ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (OPIC) အကြီးအကဲ အဲရစ်ဂျုန်းစ်တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
OPIC ၏ တာဝန်ရှိသူတစ်ဦးက လယ်သမားများအတွက် အတိုးနှုန်းနည်းနည်းနဲ့ ချေးငွေတွေကို တိုးချဲ့ထုတ်ချေးပေးခြင်းအားဖြင့် OPIC ရဲ့ Proximity နဲ့ မိတ်ဖက်လုပ်ဆောင်မှုဟာ ဧကနည်းလယ်သမားများကို သူတို့လယ်တွေ အထွက်တိုးလာစေဖို့နဲ့ တိုးချဲ့နိုင်အောင်လည်း လုပ်ပေးနိုင်မယ်။ ပြီးတော့ ရပ်ရွာတွေလည်း စည်ပင်ဝပြောလာစေမယ်လို့ ပြောပါတယ်။
တိုင်းပြည်ရှိ စုစုပေါင်းလုပ်သားအင်အားရဲ့ ရာခိုင်နှုန်း ၆၀ ဟာ မြန်မာ့လယ်ယာကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး လယ်ယာကဏ္ဍ ထုတ်ကုန်တန်ဖိုးက စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၏ ခန့်မှန်းခြေ ရာခိုင်နှုန်း ၃၀ ခန့် ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြည်တွင်း ထုတ်ကုန်တန်ဖိုးမှာ ခန့်မှန်းခြေ ရာခိုင်နှုန်း ၃၀ ခန့် ရှိနေပေမယ့်လည်း ကျေးလက်နေပြည်သူတို့ ချေးငွေရရှိဖို့ အခက်အခဲရှိနေခြင်းဟာ လယ်ယာကဏ္ဍ တိုးတက်ရေးကို အဟန့်အတားဖြစ်စေပါတယ်။ ပြီးတော့ တရားဝင်ဘဏ္ဍာရေး ဝန်ဆောင်မှုများ မရရှိခြင်းကြောင့် ချေးငွေရယူသူများမှာ တရားမဝင် ငွေချေးသူများထံမှ အတိုးနှုန်းကြီးကြီးနဲ့ ချေးယူနေရပါတယ်။
ဒါ့ပြင် တောင်သူလယ်သမားများဟာ အရင်းအနှီးရဖို့အတွက် ၎င်းတို့ ပိုင်ဆိုင်တဲ့ လယ်ယာနဲ့ အခြားပိုင်ဆိုင်မှုများကို ပေါင်နှံကာ ချေးငွေရယူရခြင်းဖြင့် ဖန်တီးကြရတယ်လို့ ယင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Proximity Finance ၏ အမှုဆောင်အရာရှိချုပ် ဟက်ဗစ်ဆန်းဘာ့ဂ်က လောလောဆယ် တရားဝင်ငွေချေးကဏ္ဍက အပြည့်အဝ ထုတ်ချေးမပေးနိုင်သေးတဲ့ စွန့်ဦးတီထွင် လယ်သမားတွေအတွက် အကြိမ်ရေ တစ်သန်း နီးပါးလောက်ကို Proximity Finance ကနေ လာမယ့် ငါးနှစ်အတွင်းမှာ ထုတ်ချေးသွားပါမယ်။ ဒီလိုလုပ်ဆောင်မှုဟာ OPIC နဲ့ SkollFoundation တို့အနေနဲ့ ဒီပန်းတိုင်ကို တက်လှမ်းနိုင်ဖို့အတွက် အရေးကြီးတဲ့ခြေလှမ်းတစ်လှမ်းပါပဲ။
ပြီးတော့ ဒါဟာ ဆန်းသစ်မှုရဲ့ စံနမူနာတစ်ခုဖြစ်ပါတယ်။ ပူးတွဲရင်းနှီးမြှုပ်နှံမှုဟာ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာမှာ အများကြီးပိုပြီး ထိရောက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်လို့ ပြောပါတယ်။
Proximity Finance မှာ ဧကနည်းလယ်သမားများအတွက် လိုအပ်တဲ့ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကာ ကျေးလက်နေပြည်သူများအတွက် ဝန်ဆောင်မှုပေးနေတဲ့ လူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။