ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ သိသာစွာလျှော့ကျ


11 December, 2017

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကြီးကြပ်ဆောင်ရွက်မှုကြောင့် ယခုနှစ်များအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများကို သိသာစွာလျှော့ချနိုင်ခဲ့ကြောင်း သိရပါသည်။

ပင်မဓာတ်အားလိုင်းများမှ ဓာတ်အားခွဲရုံးများကို ပို့လွှတ်သော လျှပ်စစ်ဓာတ်အားများကို သက်ဆိုင်ရာမြို့နယ်အလိုက် ပြန်လည်ဖြန့်ဝေရာတွင် ဖြစ်ပေါ်လေ့ရှိသော လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများကို တစ်နှစ်ထက်တစ်နှစ်ပိိုမိုလျော့ကျလာစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများသိသာစွာ လျော့ကျသွားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

လျှပ်စစ်ဓာတ်အားပျောက်ဆုံးရခြင်း အကြောင်းအရင်း ၂ မျိုးရှိပြီး နည်းပညာပိုင်း ချို့ယွင်းမှုကြောင့် ပျောက်ဆုံးခြင်းနှင့် နည်းပညာကြောင့်မဟုတ်ဘဲ ပျောက်ဆုံးခြင်းဟူ၍ ခွဲခြားသတ်မှတ်ထားပါသည်။

နည်းပညာချို့ယွင်းမှုကြောင့် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့ကျသွားစေရန် အဆင့်မြင့်နည်းပညာများနှင့် စက်ပစ္စည်းများ တပ်ဆင်အသုံးပြုခဲ့ရာ လွန်ခဲ့သော ၇ နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု ၅၀ ရာခိုင်နှုန်းကျော် လျော့ကျသွားပါသည်။

ထို့အပြင် နည်းပညာကြောင့်မဟုတ်ဘဲ မသမာမှုများကြောင့် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျော့ကျသွားစေရန် ဒစ်ဂျစ်တယ် မီတာများကို ပြောင်းလဲတပ်ဆင်ကာ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

ရန်ကုန်မြို့သည် လူဦးရေထူထပ်သော မြို့ကြီးတစ်မြို့ဖြစ်သည်နှင့်အညီ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏလည်း များပြားသည့်အတွက် နိုင်ငံတော်မှနေ၍ ပုဂ္ဂလိကလုပ်ငန်းများအား လုပ်ကိုင်ခွင့်များ ချထားပေးပြီး ရန်ကုန်မြို့တွင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်အား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ဟောင်းနွမ်းဆွေးမြေ့နေသော ဓာတ်ကြိုးများ ဓာတ်တိုင်များအား ပြင်ဆင်ဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာ အစိုးရဌာနများနှင့်အတူ အဆိုပါပုဂ္ဂလိကလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားကြောင်း သိရပါသည်။

Source:city news

Local News Read 793 times