အထည်ချုပ်စက်ရုံအသစ်ဖွင့်လှစ်မှု လျော့နည်းလာ


28 January, 2019

စက်ရုံအသစ်များလာ ရောက်ရင်းနှီးမြှုပ်နှံမှုလျော့နည်းသည့် အခြေအနေကို အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် စတင်ကြုံတွေ့လာရပြီဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးကပြောသည်။ပြီးခဲ့သည့် လေးနှစ်အတွင်း တစ်ရှိန်ထိုး တိုးတက်လာသည့် မြန်မာ့အထည်ချုပ်ကဏ္ဍအတွက် အီးယူ (ဥရောပသမဂ္ဂအဖွဲ့) က ပေးထားသည့်အခွန်သက်သာခွင့် (GSP) ကို ပြန်လည်ရုပ်သိမ်းပြီး အခွန်ပြန်ကောက်မည့် အခြေအနေက မြန်မာ့အထည်ချုပ်ကဏ္ဍဖွံ့ဖြိုးရေးကို နှေးကွေးသွားစေသည်ဟု ၎င်းကဆိုသည်။ ထို့အပြင် အလုပ်ရှင်၊ အလုပ်သမားပြဿနာများလည်း ထပ်မံရင်းနှီးမြှုပ်နှံလိုသည့် စက်ရုံပိုင်ရှင်များကို လက်တွန့်စေသည်ဟုပြောသည်။

‘‘ဒီနှစ်မှာ ဖွံဖြိုးမှုကတော့နှေးသွားမယ်။ လာတဲ့စက်ရုံတွေလည်း နည်းနည်းတော့လျော့သွားတယ်’’ ဟု ဦးမြင့်စိုးကပြောသည်။ပြီးခဲ့သည့်နှစ် ဆန်းပိုင်းအထိ မြန်မာနိုင်ငံတွင် တစ်လလျှင်အထည်ချုပ်စက်ရုံ လေးရုံမှခြောက်ရုံအကြား ဖွင့်လှစ်ခဲ့သော်လည်း ၂၀၁၈ နှစ်ကုန်ပိုင်းက စတင်၍ တစ်လလျှင်စက်ရုံ သုံးရုံမှ ငါးရုံ အကြားသာ ဖွင့်လှစ်မှုရှိသည်ဟု ဦးမြင့်စိုးက ဆက်လက်ပြောသည်။

၂၀၁၈ ဇန်နဝါရီမှ ဒီဇင်ဘာအကုန်ထိ ပြည်ပချုပ်ထည်တင်ပို့ မှုမှ ကန်ဒေါ်လာသုံးဘီလီယံကျော် ဝင်ငွေရရှိထားသည်။ ၂၀၁၉တွင်လည်းယင်းပမာဏခန့်ရှိနိုင် မည်ဟုဦးမြင့်စိုးကခန့်မှန်းသည်။အီးယူအဖွဲ့မှ သွင်းကုန်အခွန်သက်သာခွင့်ရရှိပြီး ၂၀၁၄ က စတင်၍ မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်မှုက တစ်နှစ်လျှင် ၂၅ ရာခိုင် နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိရှိခဲ့သည်။

 ‘‘အီးယူက GSP သာဆက် ထားရင်ရင်းနှီးမြှုပ်နှံမှုတွေက ဒီထက်ပိုဝင်လာမယ်’’ ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ဥရောပသမဂ္ဂ (EU) ၏ ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) မသေချာမှုက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ရွှေ့ပြောင်းလာမည့် စက်ရုံ၊ အလုပ်ရုံများအတွက် ဆုံးဖြတ်ချက်ချရန် ခက်ခဲသောအခြေအနေဖြစ်သည်ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး ဥရောပနိုင်ငံများသို့တင်ပို့ နေသည့် စက်ရုံ၊ အလုပ်ရုံများက သွင်းကုန်အခွန် ၁၃ ရာခိုင် နှုန်းသက်သာသည့် ကုန်သွယ်မှု အထူးအခွင့်အရေးကို ရယူခံစားလိုသဖြင့် မြန်မာနိုင်ငံသို့ ရွှေ့ ပြောင်းရန်ပြင်ဆင်မှုများ ရှိခဲ့သည်။ လက်ရှိတွင် အီးယူအဖွဲ့ဝင် နိုင်ငံများမှ ချုပ်ထည်အမှာများကို အများဆုံး ချုပ်လုပ်ပေးနေရသည့် အထည်ချုပ်ကဏ္ဍသည် GSP ပြန်လည် ရုပ်သိမ်းပြီးအခွန်ပြန် ကောက်မည့် အခြေအနေကိုအထည်ချုပ် လုပ်ငန်းရှင်များကစိုးရိမ်နေသည်။

အထည်ချုပ်လုပ်ငန်းသည် စက်ရုံတစ်ရုံတွင် အလုပ်သမား တစ်ထောင်ကျော်အလုပ်အကိုင်ပေးနိုင်သည့် ကဏ္ဍဖြစ်ပြီးအပ်ထည်အမှာရရှိမှသာရှင်သန်နိုင် မည်ဖြစ်ခြင်းကြောင့် အီးယူ၏ GSP အခွင့်အရေးကို ဆုံးရှုံးမခံနိုင်ကြောင်း လှိုင်သာယာစက်မှုဇုန် (၄) မှအထည်ချုပ်စက်ရုံပိုင် ရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍ၌ ချုပ်ထည် အမှာရရှိမှုက အီးယူနိုင်ငံများပြီးလျှင် ဂျပန်နိုင်ငံက ဒုတိယအများဆုံးဖြစ်သည်။ ထို့အပြင် ကိုရီးယားနှင့် အနည်းငယ်တိုးတက်လာသည့် အမေရိကန်နိုင်ငံမှ အပ်ထည်အမှာများကိုလည်း မြန်မာနိုင်ငံကရရှိနေသည်ဟု အထည်ချုပ်လုပ်ငန်းရှင်အချို့က ပြောပါသည်။

7 Day Daily

Local News Read 1683 times