တောင်ကိုရီးယား၏ LG သည်အင်ဒိုနီးရှား၌ လျှပ်စစ်ကားဘက်ထရီများထုတ်လုပ်ရန် ဒေါ်လာ ၉.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားပါတယ်။
Indonesia’s Investment Coordinating Board မှ ထုတ်ပြန်ချက်မှာ ဘက်ထရီထုတ်လုပ်ရေး စက်ရုံများကို အင်ဒိုနီးရှားနိုင်ငံမှာ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ဘက်ထရီအတွက် လိုအပ်တဲ့ ကုန်ကြမ်း နီကယ်သတ္တု တူးဖော်ရေး၊ သတ္တုသန့်စင်ရေး၊ အရည်ကြိုစက်ရုံ၊ သတ္တုကုန်ကြမ်း ထုတ်လုပ်ရေးစက်ရုံ စတာတွေကိုလည်း အင်ဒိုနီးရှားမှာ ဆောက်လုပ်မှာ ဖြစ်ပါတယ်။ နေရာတွေကတော့ North Maluku နဲ့ Central Java တို့မှာ ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။
Electric Vehicle - EV လျှပ်စစ်ကားသုံး ဘက်ထရီအတွက် လိုအပ်တဲ့ နီကယ်သတ္တု အနည်းဆုံး ၇၀% ကို အင်ဒိုနီးရှားနိုင်ငံမှာ လုပ်ကိုင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။
လျှပ်စစ်ကားခေတ်ကို ကူးပြောင်းနေတဲ့ကာလမှာ အင်ဒိုနီးရှားနိုင်ငံက လျှပ်စစ်ကားသုံး လစ်သီယံဘက်ထရီ ထုတ်လုပ်မှု အကြီးမားဆုံး နိုင်ငံ ဖြစ်လာစေရေးကို ဦးတည်ချက် ထားရှိပါတယ်။ အခု သဘောတူညီမှုဟာ ရှေ့သို့ ကြီးမားတဲ့ ခြေလှမ်းတစ်ခု လှမ်းနိုင်လိုက်တာ ဖြစ်ပါတယ်။
လစ်သီယံဘက်ထရီမှာ နီကယ်က အဓိကကျတဲ့ ကုန်ကြမ်း ဖြစ်ပါတယ်။
အင်ဒိုနီးရှား အစိုးရ တိုင်းပြည်မှ ထွက်ရှိတဲ့ နီကယ်သတ္တုတွေ ပြည်ပသို့ တင်ပို့ခြင်းကို ပိတ်ပင် တားမြစ်ထားပါတယ်။ ဒီတော့ လစ်သီယမ်ဘက်ထရီ ထုတ်ဖို့ ကုန်ကြမ်း အမြောက်အမြား လိုအပ်တဲ့အတွက် ကုန်ကြမ်း ရရှိဖို့ အင်ဒိုနီးရှားနိုင်ငံမှာ ဘက်ထရီစက်ရုံ လာဆောက်ပြီး ထုတ်လုပ်မှ အဆင်ပြေပါလိမ့်မယ်။
အင်ဒိုနီးရှား အစိုးရက နီကယ်သတ္တု တူးဖော်ထုတ်လုပ်ရေးနဲ့ သတ္တုသန့်စင်ရေး အပိုင်းတွေ တိုးတက်ဖွံ့ဖြိုးကိုလည်း တွန်းအားပေး လုပ်ဆောင်လျက် ရှိပါတယ်။
အမေရိကန်မှ Tesla ကလည်း အင်ဒိုနီးရှား နိုင်ငံမှာ ဘက်ထရီလာရောက်ထုတ်လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ဖို့ လေ့လာရေး အဖွဲ့ကိ များမကြာခင်မှာ အင်ဒိုနီးရှားနိုင်ငံသို့ စေလွှတ်မယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီလအတွင်းမှာ လာရောက်မှာ ဖြစ်ပြီး အသေးစိတ် အချက်အလက်များ ဆွေးနွေးမှာ ဖြစ်ကြောင်း အသိပေးပြောကြားထားပါတယ်။
ကမ္ဘာ့လျှပ်စစ်ကား ဈေးကွက်ဟာ ၂၀၃၀ ခုနှစ်မှာ စီးရေ ၂၇ သန်း ဝန်းကျင်အထိ ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ရေနံလောင်စာသုံး အင်ဂျင်တွေမှ ထုတ်လွှတ်တဲ့ ဓာတ်ငွေ့တွေကြောင့် လေထု ညစ်ညမ်းမှုကြောင့် အစိုးရများက လျှပ်စစ်ကား ထုတ်လုပ်မှုနဲ့ လျှပ်စစ်ကားတွေအတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတို့ကို ထောက်ကူပေးလျက် ရှိပါတယ်။