တရုတ်အစိုးရက ဓာတ်အားခ ကောက်ခံမှု မူဝါဒ ပြောင်းလဲမည်ဟု ပြောကြား


17 October, 2021

ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားစက်ရုံများမှ ရရှိသည့် လျှပ်စစ်ဓာတ်အားများအတွက် ဈေးနှုန်း သတ်မှတ်ပေးထားခြင်းကို ရုပ်သိမ်းမည်ဖြစ်ပြီး စက်မှုလုပ်ငန်းသုံးနှင့် စီးပွာရေးလုပ်ငန်းသုံး ဓာတ်အားခများကို ဈေးကွက်ပေါက်ဈေးများဖြင့် ဝယ်ယူသုံးစွဲကြရမည် ဖြစ်သည်။ 
ဓာတ်အားခ ကောက်ခံမှု မူဝါဒ ပြောင်းလဲခြင်းသည် တရုတ်အစိုးရမှ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် စက်မှုကုန်ထုတ်လုပ်မှု ချည့်နဲ့နေရသည်ကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှု တစ်ရပ် ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် National Development and Reform Commission (NDRC) က တိုင်းပြည်ထက်ဝက်ကျော်တွင် ဓာတ်အားကို ခွဲတမ်းဖြင့် ဖြန့်ဖြူးနေရပြီး တိုင်းပြည် စီးပွားရေး ကြီးထွားတိုးတက်မှုကို ဝန်ပိနေသော လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ဖြေရှင်းရာတွင် အထောက်အကူပြုရန်အလို့ငှာ စက်မှုလုပ်ငန်းသုံးနှင့် စီးပွားရေးလုပ်ငန်းသုံးအတွက် ဓာတ်အားသုံးစွဲကြသူများသည် ဈေးကွက်ပေါက်ဈေးများဖြင့် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများထံမှ တိုက်ရိုက် ဝယ်ယူသုံးစွဲကြရမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့သည်။ လက်ရှိကျင့်သုံးလျက် ရှိသော သုံးစွဲမှု ပမာဏ များပြားသူများကို ကုန်ကျစရိတ်သက်သာအောင် သက်သာသောနှုန်းထားဖြင့် ဓာတ်အားခ ကောက်ခံနေခြင်းကို ရုပ်သိမ်းမည် ဖြစ်သည်။ 
ထိုသု့် ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူရမည့် ဓာတ်အားများအတွက် ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများမှ ထုတ်လုပ်ပြီး ဈေးနှုန်းကို အစိုးရမှ ကြားဝင်ချုပ်ကိုင်ထားခြင်း မရှိသော ဈေးကွက်ထဲတွင် ရောင်းချပေးကြရမည် ဖြစ်သည်။ ဓာတ်အား ရှားပါးအောင် တမင်လုပ်ပြီး ဈေးကစားခြင်း မပြုနိုင်ရန် ထုတ်လုပ်မှုပမာဏစုစုပေါင်း၏ ၇၀% နှင့်အထက်ကို ဓာတ်အားဈေးကွက်ထဲသို့ ရောင်းချရမည် ဖြစ်သည်။ 
ထိုအစီအစဉ်အသစ်ကို မည်သည့်အချိန်တွင် စတင်မည်ဖြစ်ကြောင်းကိုမူ အသိပေးပြောကြားခြင်း မပြုချေ။

တရုတ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ပြည်နယ် ၃၁ ခု ရှိသည့်အနက် အနည်းဆုံး ပြည်နယ် ၂၁ ခုတွင် ခွဲတမ်းဖြင့် ဖြန့်ဖြူးနေကြရသည်။ 
 

Global News Read 360 times