နိုင်ငံခြားဘဏ်ခွဲများကို ပြည်တွင်းဘဏ်များနည်းတူ ဘဏ်လုပ်ငန်းဝန်ဆောင်မှုဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်း ညွှန်ကြားချက်အမှတ်(၆/၂၀၁၈)ကို ဗဟိုဘဏ်က နိုဝင်ဘာ ၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ထားခဲ့ပါတယ်။
ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ဘဏ်ခွဲလိုင်စင်ထုတ်ပေးရာတွင် နိုင်ငံခြား ကုမ္ပဏီ/လုပ်ငန်းများ၊ ပြည်တွင်း/နိုင်ငံခြား ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်တွင်းငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြည်တွင်း ကုမ္ပဏီ/လုပ်ငန်းများအတွက် လက်ကားဘဏ်လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း ယင်းညွှန်ကြားချက်တွင် ပါရှိပါတယ်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့ နေ့စွဲပါ ညွှန်ကြားချက်အမှတ်(၉/၂၀၁၇)ဖြင့် ပို့ကုန်ချေးငွေဖြည့်ဆည်းမှု(Export Financing)နှင့် ပို့ကုန်လုပ်ငန်းနှင့် ဆက်စပ်သည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ(Related Banking Services for Export Financing)ကို ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်းလည်း ပါရှိပါတယ်။
ယခုအခါ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေရရှိနိုင်သည့် အခွင့်အရေး(Access to Finance) ပိုမိုရရှိစေရန်ရည်ရွယ်၍ ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ(Local Corporate)သို့ မည်သည့်ချေးငွေဖြည့်ဆည်းမှု(Any Financing)ကိုမဆို ဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများ(Other Banking Services) ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်းလည်း ယင်းညွှန်ကြားချက်တွင် ပါရှိခဲ့ပါတယ်။
ယင်းသို့ ခွင့်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ Ecoplus Trading Co., Ltd၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်စွာမင်းက“ဒီအပြောင်းအလဲကို ကျွန်တော်တို့တောင်းဆိုနေတာ ၈ နှစ်လောက် ကြာပါပြီ။ နိုင်ငံခြားဘဏ်တွေ ဧရာတို့ KBZ တို့လိုဝန်ဆောင်မှုပေးရင် မြန်မာလူမျိုးတွေ ဘာတွေခံစားခွင့်ရမလဲ။ ဘဏ်တွေ ပြိုင်ဆိုင်မှုများလာလို့ ဘဏ်ဝန်ဆောင်မှုတွေတိုးတက်လာမယ်။
မြန်မာပြည်ဟာ ကိုယ့်ပြည်တွင်းက ငွေသာမက နိုင်ငံခြားက ငွေတွေကိုပါ ကိုယ့်နိုင်ငံတွင်း သုံးစွဲခွင့်ရလာမယ်။ နိုင်ငံတွင်းမှာ နိုင်ငံတကာနဲ့ ယှဉ်ဘောင်တန်းနိုင်တဲ့ ဘဏ်စနစ် အလျင်အမြန်ရောက်လာမယ်။ လုပ်ငန်းတွေဟာ နိုင်ငံရဲ့ အကောက်ခွန်စနစ်၊ စာရင်း ဥပဒေနဲ့ ညီမှ ဘဏ်ရဲ့ထောက်ပံ့မှုရမှာမို့လို့ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေ ဥပဒေနဲ့ အညီ ဖြစ်လာစေမယ်။ မြန်မာနဲ့ နိုင်ငံတကာကို ချိတ်ဆက်ပေးနိုင်မယ်။ ကမ္ဘာက မြန်မာ့စီးပွားရေးကို ပိုနားလည် ပါဝင်လာနိုင်မယ်”ဟု သုံးသပ်ပြောကြားခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ် ၄ ခု၊ ပုဂ္ဂလိကဘဏ် ၂၄ ခုနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခုရှိသည်။ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခုမှာ The Bank of Tokyo-Mitsubishi UFJ, Ltd ၊ Oversea-Chinese Banking Corporation Ltd ၊ Sumitomo Mitsui Banking Corporation ၊ United Overseas Bank Limited ၊ Bangkok Bank Public Company Limited ၊ Industrial and Commercial Bank of China ၊ Malayan Banking Berhad (Maybank) ၊ Mizuho Bank Limited ၊ Australia and New Zeland Banking Group Limited ၊ The Joint Stock Commercial Bank for Investment and Development of Vietnam (BIDV) ၊ Shinhan Bank ၊ E.Sun Commercial Bank Limited ၊ State Bank of India တို့ဖြစ်ပါတယ်။
နိုင်ငံခြားဘဏ်ဘဏ်ခွဲများအား ယင်းသို့ခွင့်ပြုခဲ့ခြင်းအပေါ် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဌ ဒေါက်တာစိုးထွန်းက“Import/ Export လုပ်ငန်းတွေအတွက် ငွေပေးချေရတဲ့ LC/ TT လုပ်ဆောင်မှုတွေ ပိုကောင်းမွန်လာနိုင်ပါတယ်။ Trade financing ကောင်းလာနိုင်ပါမယ်။
News Watch