စာရင်းပိုချေးငွေများ လျှော့ချရေး


30 November, 2018

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းဘဏ်လုပ်ငန်းများကို တစ်နှစ်တစ်ကြိမ်ပြန်လည်ပေးဆပ်ရသော စာရင်းပိုချေးငွေ (Overdraft) များ လျှော့ချသွားရန် အချက်အပါအဝင် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။၎င်းတစ်နှစ်တာအတွင်း မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍသည် စိန်ခေါ်မှုများစွာရှိနေဆဲဖြစ်သော်လည်း စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာတွင် သိသာစွာတိုးတက်မှုရှိလာခဲ့သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးသိမ်းက ပြည်တွင်းမီဒီယာများကို နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်လုပ်ငန်းများကို စာရင်းပိုချေးငွေများကို ကာလသတ်မှတ်ချက်ချေးငွေ (Term Loan) အဖြစ်ပြောင်းလဲရန်၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်က ညွှန်ကြားချက်အမှတ် ၇/၂ဝ၁၇ ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။အဆိုပါထုတ်ပြန်ချက်အတွင်း ဘဏ်လုပ်ငန်းတစ်ခု၏ စုစုပေါင်းချေးငွေများအနက် စာရင်းပိုချေးငွေပမာဏကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လတွင် ၅ဝ ရာခိုင်နှုန်းထက် မပိုစေရန်၊ ၂ဝ၁၉ ခုနှစ် ဇူလိုင်လတွင် ၃ဝ ရာခိုင်နှုန်းထက် မပိုစေရန်၊ ၂ဝ၂ဝ ခုနှစ် ဇူလိုင်လတွင် ၂ဝ ရာခိုင်နှုန်းထက် မပိုစေရန် လျှော့ချဆောင်ရွက်သွားရမည်ဟူသည့် စည်းကမ်းသတ်မှတ်ချက်ကိုလည်း ထည့်သွင်းထားသည်။ပြည်တွင်းဘဏ်လုပ်ငန်းများသည် နှစ်များစွာ စည်းကမ်းထိန်းသိမ်းမှု အားနည်းခဲ့ခြင်းကြောင့် လက်ရှိကာလတွင် ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးလာရန် အားနည်းချက်များရှိခဲ့ရာ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ တင်းကျပ်မှုများကို ၂ဝ၁၆ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ရသည်ဟုလည်း ဗဟိုဘဏ်ဒုတိယဥက္ကဌနှစ်ဦးက ပြောသည်။

 ''၂ဝ၁၆ ခုနှစ်မှာ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေကို ပြဌာန်းခဲ့တယ်။ ၂ဝ၁၇ ခုနှစ်မှာတော့ ရှိပြီးစည်းမျဉ်းအဟောင်းတွေကို ထပ်မံပြီးထုတ်ပြန်လိုက်တယ်။ အဲဒီအချိန်တုန်းက ဘဏ်အသိုင်းအဝိုင်းကြားမှာ ဆူညံသွားတာပဲ။ ဒါပေမဲ့ အခုချိန်မှာကျတော့ ဘဏ်အများစုဟာ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာလာကြပြီ။ အားလုံးကိုခြုံပြီး ပြန်ကြည့်ရရင် စိန်ခေါ်မှုတွေမရှိဘူးလို့တော့ မဆိုလိုဘူး။ ဒါပေမဲ့ သေချာပေါက် ပြောလို့ရတာက လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာ ဘဏ်လုပ်ငန်းကဏ္ဍဟာ သိသိသာသာကို တိုးတက်လာခဲ့ပါတယ်''ဟု ဒုတိယဥက္ကဌဦးစိုးသိန်းက ပြောသည်။

ပြည်တွင်းဘဏ်လုပ်ငန်းများသည် ချေးငွေအများစုအနက် (Related Parties) ဟုခေါ်သည့် ၎င်းတို့နှင့်နီးစပ်ရာ ဆက်နွှယ်သူများကို ထုတ်ချေးသည့် ချေးငွေများရှိနေခြင်းကြောင့် ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှောင့်နှေးရခြင်းဖြစ်သည်ဟု ဗဟိုဘဏ်တာဝန်ရှိသူများက ပြောသည်။ ထို့အတွက် ၎င်းအခြေအနေကို ဖြေရှင်းရန် ညွှန်ကြားချက်များ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ဟုလည်း ဗဟိုဘဏ်ဒုတိယဥက္ကဌဦးဘိုဘိုငယ်က ပြောသည်။''၂ဝ၁၇ ခုနှစ် ညွှန်ကြားချက်တွေ မထုတ်ပြန်မီအချိန်အထိ ပြည်တွင်းဘဏ်တွေရဲ့ စည်းမျဉ်းစည်းကမ်းလိုက်နာမှုနဲ့ ချေးငွေဆောင်ရွက်မှုပုံစံတွေက အရမ်းအားနည်းခဲ့တယ်။ အရင်က ချေးငွေအများစုဟာ လုပ်ငန်းစုတွေကိုချေးတာ များတယ်။ အဲဒီမှာလည်း တွေ့ရတာက လုပ်ငန်းစုတွေဟာ ဘဏ်ထောင်ပြီး ကိုယ့်ကိုယ့်ကိုယ် ပြန်ချေးတာတွေကို အများဆုံးတွေ့ရတယ်။ အဲဒါကြောင့် Related Parties ချေးငွေကို ဖိဖိစီးစီးလုပ်လာတဲ့အခါမှာ ဘဏ်တွေဘက်က ပြုပြင်ပြောင်းလဲမှုတွေ ရှိလာခဲ့တယ်''ဟု ဦးဘိုဘိုငယ်က ပြောသည်။

ထို့ကြောင့် ၂ဝ၁၇ ခုနှစ်ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက်ပိုင်း အကျိုးဆက်အဖြစ် ပြည်တွင်းဘဏ်များသည် ချေးငွေများကို သတ်မှတ်ရာခိုင်နှုန်းများအတိုင်း လိုက်နာခဲ့ကြရသဖြင့် ပြင်ပသို့ချေးငွေထုတ်ချေးမှုပိုင်းတွင် အားနည်းခဲ့သည့်အခြေအနေတစ်ရပ်လည်း ရှိခဲ့သည်ဟု ဦးဘိုဘိုငယ်က ပြောသည်။ညွှန်ကြားချက်ထုတ်ပြန်ခဲ့စဉ်က ကာလသတ်မှတ်ချက် ချေးငွေအဖြစ် ပြောင်းလဲရာတွင် သုံးနှစ်ထက်မပိုသော ချေးငွေအဖြစ် ပြောင်းလဲရန်၊ ပြောင်းလဲမည့် ချေးငွေစာရင်းများကို ၂ဝ၁၈ ခုနှစ်၊ မတ် ၃၁ ရက်မတိုင်မီ တင်ပြရန်နှင့် တင်ပြရာတွင် ကာလသတ်မှတ်ချက်ချေးငွေ စီမံခန့်ခွဲမှုဆိုင်ရာ ဒါရိုက်တာအဖွဲ့၏မူဘောင်ကို ဗဟိုဘဏ်သို့တင်ပြရန် အချက်လည်းပါဝင်ခဲ့သည်။ ထို့အတွက် ၎င်းအခြေအနေသည် တစ်နှစ်ကာလအတွင်း ရောက်ရှိလာကာ ပြည်တွင်းဘဏ်များက မဖြစ်မနေလိုက်နာရမည့် ညွှန်ကြားချက်အသွင်လည်း ရှိလာခဲ့ပြီဖြစ်သည်။

ကာလသတ်မှတ်ချက်ချေးငွေများကို ပြောင်းလဲရာတွင် ဘဏ်လုပ်ငန်းများနှင့်ဆက်နွှယ်သူများကို ထုတ်ချေးထားခြင်း ဟုတ်မဟုတ်နှင့် ဆက်နွှယ်သူများကို ထုတ်ချေးထားပါက ဖော်ပြပေးရန်အချက်ကိုလည်း အသေးစိတ်ထည့်သွင်းထားသည်။ သို့ရာတွင် ဆက်နွှယ်ထားသူများကို ထုတ်ချေးထားသည့် စာရင်းပိုချေးငွေများကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကာလသတ်မှတ်ချက်ချေးငွေအဖြစ် ပြောင်းလဲနိုင်ကြောင်း ထည့်သွင်းထားသည်။စည်းမျဉ်းများအရ ပြည်တွင်းဘဏ်များသည် ဘဏ်မတည်ရင်းနှီးငွေ၏ ၁ဝ ရာခိုင်နှုန်း (သို့မဟုတ်) ကျပ်ငွေ ငါးဘီလျံနှင့်အထက် ချေးငွေများကို ဗဟိုဘဏ်သို့တင်ပြရန်၊ ကျပ်ငွေ ငါးဘီလျံနှင့်အထက် ချေးငွေစာရင်းများကို တင်ပြရာတွင် အတိုးအရင်း ပေးဆပ်ရန်ပျက်ကွက်သည့် ချေးငွေများဖြစ်ပါက ပျက်ကွက်ရက်များကို စနစ်တကျဖော်ပြပေးရန်လည်း သတ်မှတ်ထားခဲ့သည်။

 ''ဘဏ်တွေကတော့ လိုက်နာမှုတွေလုပ်ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာကျတော့ စာရင်းပိုင်းတွေဖြစ်တဲ့အတွက် ရာနှုန်းပြည့်ဖြစ်လာဖို့ဆိုတာက အချိန်တိုအတွင်းမှာ လိုအပ်ချက်တွေတော့ ရှိနေဦးမယ်လို့ထင်ပါတယ်''ဟု စီဘီဘဏ်၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးဖေမြင့်က ပြောသည်။ပြည်တွင်းစီးပွားရေးအခြေအနေသည် လတ်တလော အနည်းငယ်အေးစက်နေသည့်အတွက် စာရင်းပိုချေးငွေများကို ကာလသတ်မှတ်ချက် ပြောင်းလဲရန်ကြိုးစားရာတွင် နှောင့်နှေးမှုများလည်း ရှိနေဆဲဖြစ်သည်ဟု ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေးနှင့် ဗဟိုဘဏ်၏ ဒုတိယဥက္ကဌဟောင်းတစ်ဦးဖြစ်သူ ဦးသန်းလွင်က ပြောသည်။

''မြန်မာနိုင်ငံမှာက Overdraft ဆိုတာကို ချေးငွေတစ်ခုလို ထုံးစံကြီးဖြစ်နေတာတော့ မကောင်းဘူး။ ဒါကြောင့် ဗဟိုဘဏ် ညွှန်ကြားခဲ့ပြီးတဲ့ အချိန်ကတည်းက ဘဏ်တွေလည်း လိုက်နာနေကြတာကို တွေ့ရတယ်။ ဒါပေမဲ့ လက်ရှိမှာ ပြည်တွင်းစီးပွားရေးအခြေအနေက အရမ်းကြီးကောင်းနေတာမဟုတ်တော့ အားလုံးကို လိုက်ပြီး စာရင်းပြောင်းဖို့က မလွယ်သေးတာတော့ ဘဏ်တွေပိုင်းမှာ တွေ့ရတယ်။ ပြောင်းလို့ရနိုင်သမျှကိုတော့ ဘဏ်တွေက ပြောင်းထားကြပြီးသွားပြီ။ ပြောင်းလို့ မဖြစ်နိုင်သေးတာကိုတော့ ဗဟိုဘဏ်နဲ့ ညှိနှိုင်းပြီး အချိန်တစ်ခုပေးပါဦးဆိုတာမျိုးတွေ လုပ်နေတာလဲရှိနေသေးတယ်''ဟု ဦးသန်းလွင်က ပြောသည်။ပြည်တွင်းဘဏ်လုပ်ငန်းများ၏ ချေးငွေစီမံခန့်ခွဲမှု အားနည်းချက်နှင့် လုပ်ငန်းရှင်များအား ချေးငွေပံ့ပိုးပေးနိုင်မှု အားနည်းချက်များကြောင့် ဗဟိုဘဏ်သည် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်က နိုင်ငံခြားဘဏ်လုပ်ငန်းများကို ချေးငွေဆောင်ရွက်ခွင့်နှင့် အခြားဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်ခွင့်ပြုခဲ့သည်။

 ''အခုဆိုရင် နိုင်ငံခြားဘဏ်တွေကိုလည်း ချေးငွေနဲ့ တခြားဘဏ်ဝန်ဆောင်မှုတွေကို ခွင့်ပြုလိုက်တဲ့အတွက် ခဏတော့ အခက်အခဲဖြစ်နိုင်တာရှိပေမဲ့ နောက်ပိုင်းမှာ တည်ငြိမ်တဲ့အနေအထားတစ်ခုကို ရလာမှာပါ''ဟု ဦးစိုးသိန်းက ပြောသည်။နိုင်ငံခြားဘဏ်များအတွက်မူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့်ချေးငွေကိုမဆို ချေးပေးရန်နှင့် အခြားသောဘဏ်လုပ်ငန်း ဝန်ဆောင်မှုများလုပ်ကိုင်ခွင့်တို့ကို ခွင့်ပြုပေးခဲ့သည်။ကန့်သတ်ချက်အဖြစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများဖြစ်သည့် မြေနှင့် အဆောက်အအုံများကို အပေါင်ပစ္စည်းအဖြစ် ရယူပိုင်ခွင့်နှင့်၊ အချိန်ပိုင်းအပ်ငွေကို လက်ခံခွင့်နှင့် အတိုးပေးခွင့်မရှိစေရန် အချက်များကိုသာ ကန့်သတ်ထားခြင်းဖြစ်သည်။ ထို့ပြင် ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ်ခွဲများကိုလည်း ၂ဝ၁၉ ခုနှစ်အတွင်း တိုးချဲ့ခွင့်ပြုပေးသွားရန် စီစဉ်မှုများလည်း ရှိနေသည်။

 ''ဘာပဲပြောပြော ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်တွေကြောင့် ဘဏ်တွေဘက်က ပြုပြင်ပြောင်းလဲလာတယ်ဆိုတဲ့အချက်က အားရစရာအခြေအနေဖြစ်ပါတယ်။ ပြည်တွင်းရဲ့ ဘဏ်လုပ်ငန်းကဏ္ဍက ဒီထက်အများကြီးပိုတိုးတက်လာမှ စီးပွားရေးပိုင်းကိုလည်း အထောက်အကူဖြစ်လာမှာပါ။ ချေးငွေပိုင်း၊ စည်းမျဉ်းပိုင်းတွေ အားနည်းမှုတွေကို ဗဟိုဘဏ်က ဒီထက်ပိုပြီး ကိုင်တွယ်ပေးနိုင်ဖို့လည်း လိုအပ်တယ်''ဟု စီးပွားရေးပညာရှင် ဒေါက်တာနိုင်ကိုကိုက ပြောသည်။မည်သို့ဆိုစေ ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍသည် စည်းမျဉ်းပိုင်းတွင် ပိုမိုအားကောင်းလာသော်လည်း ဗဟိုဘဏ်၏ညွှန်ကြားချက်များကို ရာနှုန်းပြည့်လိုက်နာဆောင်ရွက်ရန်မှာ စိန်ခေါ်ချက်တစ်ခုကို ကျော်လွှားရဖွယ်ရှိနေဆဲဖြစ်သည်ဟု ဗဟိုဘဏ်တာဝန်ရှိသူများက ပြောထားကြသည်။

ထို့အတွက် စာရင်းပိုချေးငွေများကို ကာလသတ်မှတ်ချက် ချေးငွေအဖြစ် ပြောင်းလဲရန် ကြိုးစားရာတွင် ၂ဝ၁၉ ခုနှစ် ဇူလိုင်လတွင် ၃ဝ ရာခိုင်နှုန်းထက်မပိုစေရန်၊ ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လတွင် ၂ဝ ရာခိုင်နှုန်းထက်မပိုစေရေး လျှော့ချသွားရန် အချက်အပေါ် လိုက်နာနိုင်ဖွယ်ရှိလာမည်လား ဆိုခြင်းကလည်း စိတ်ဝင်စားဖွယ်ဖြစ်နေသည်။

 

Banking & Loan Read 1492 times