ကျွဲ ၊ နွားများ ပြည်ပ တင်ပို့မှု ကန့်သတ်ရေးအဆို ရှုံးနိမ့်


07 August, 2018

လယ်ယာတွင် အသုံးပြုနေသည့် ခိုင်းကျွဲ၊ နွားများအား ပြည်ပသို့ တင်ပို့ရောင်းချနေမှုအား ကန့်သတ်တားမြစ်နိုင်ရေး အဆိုတခုကို မအူပင်မြို့နယ်မှ ကိုယ်စားလှယ်တဦးကပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ရာ အာဏာရပါတီမှ အမတ်များက ကန့်ကွက်ခဲ့သဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။

ရှုံးနိမ့်ခြင်း

*****

ယခုအဆိုကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ နုတ်ထွက်ထားသူ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အဆိုကို လွှတ်တော်တွင် တင်သွင်းစဉ်ကပင် ကန့်ကွက်သူရှိ၍ မဲခွဲဆုံးဖြတ်ပြီးနောက် ဆွေးနွေးခွင့် ရခဲ့သော်လည်း ယနေ့တွင် အာဏာရပါတီက မထောက်ခံသဖြင့် ၎င်းရှုံးနိမ့်သွားခဲ့ရသည်။

ယင်းအဆိုကို အာဏာရ NLD ပါတီ၊ အတိုက်အခံ ကြံ့ခိုင်ရေးပါတီ၊ ရခိုင်အမျိုးသား ပါတီနှင့် တပ်မတော်တို့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ က အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက် သက်ဆိုင်ရာ ဝန်ကြီး ၂ ဦးဖြစ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ အောင်သူ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးတို့က အဆိုကို မထောက်ခံဘဲ မှတ်တမ်းတင်ရန်သာ သဘောထားပေးခဲ့သည်။

ကျွဲနွားအသုံးပြုမှု

*************

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇွဲနေဇော်က စက်မှုကဏ္ဍ မပြည်စုံမီ ခိုင်းကျွဲ ၊ နွားများ အသုံးပြုရန် လိုအပ်နေခြင်း၊ ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ပါက မူဝါဒနှင့် စီမံချက်များ ပြုစုရေးဆွဲရန်လိုခြင်း၊ တိုင်းပြည်တွင် တိုးလာသော လူဦးရေအတွက် စားနပ်ရိက္ခာ ထိခိုက်နိုင်ခြေ ရှိ၊ မရှိနှင့် ပြည်ပသို့ တင်ပို့ရာတွင် ဥပဒေနှင့်အညီ ဖြစ်စေရန် လွှတ်တော်သို့ အကြံပြု တင်ပြခဲ့သည်။

“တနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် စိုက်ပျိုးမြေဧက ၅၀.၅၂ သန်း ရှိနေသော မိမိတို့နိုင်ငံအတွက် ခိုင်း ကျွဲ၊ နွားများဖြင့် ပေါင်းစပ် အသုံး ပြုခြင်းက ပိုမို အထောက်အကူဖြစ်စေမယ်လို့ သုံးသပ်ရရှိပါတယ်”ဟု ဗိုလ်မှူး ဇွဲနေဇော်က လွှတ်တော်တွင် ပြောသည်။

မှောင်ခိုဈေးကွက်

*************

ခိုင်းကျွဲ ၊ နွားများ ပြင်ပသို့ တင်ပို့ရောင်းချနေခြင်းအား ကန့်သတ်တားမြစ်ခြင်းထက် ကြီးကြီးမားမား ဖြစ်ပေါ်နေသည့် မှောင်ခိုဈေးကွက် ပပျောက်စေရန် ပိုအရေးကြီးကြောင်း၊ တောင်သူများတွင် ရာသီဥတုကဖျက်၊ ပဲမျိုးစုံ ဈေးကမတက်၊ ဈေးကွက်ကဖျက်နှင့် ရင်ဆိုင်နေရချိန်တွင် တရားမဝင် ဆိုပါက ဈေးကောင်းမရဘဲ နစ်နာမှုများသာ ရှိနေကြောင်း အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောသည်။

“တောင်သူက သူပိုင်တဲ့ ကျွဲနွားကို ရောင်းချဖို့ လိုအပ်လာရင် ရောင်းကိုရောင်းမှာ ဖြစ်ပြီး တရားဝင် ရောင်းလို့မရရင် တရားမဝင် ရောင်းရခြင်းဖြင့် ဈေးနှိမ်ခံရတာပဲ အဖတ်တင်မှာ ဖြစ်တဲ့အတွက် အဓိက ဈေးကောင်းရအောင် လုပ်ပေးဖို့ လိုပါတယ်”ဟု NLD ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ချိုချိုက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မိုးစပါး စိုက်ဧက ၁၅.၂၂ သန်း၊ နွေးစပါး စိုက်ဧက ၂.၇၁ သန်း စုစုပေါင်း စပါးစိုက်ဧက ၁၇.၉၃ သန်းရှိရာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန စာရင်းများအရ ကျွဲနွား ကောင်ရေမှာလည်း ၁၁.၅ သန်း ရှိကြောင်း၊ ယင်းအရည်အတွက်သည် လယ်ဧက ၃၄ သန်းကို ထွန်ယက်နိုင်သဖြင့် ကျွဲ၊ နွားများ ပိုလျှံလျက်ရှိကြောင်း ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေက ဆွေးနွေးသည်။

၎င်းက “အစိုးရ ထုတ်ချေးပေးတဲ့ ချေးငွေလေး ထုတ်ယူလိုက် ပြန်ဆပ်ချိန်ကျ ပုဂ္ဂလိကထံက အတိုးနှုန်းများများ ပေးယူပြီး ပြန်ဆပ်လိုက် ဖြစ်နေချိန်မှာ ပြည်ပကို ကျွဲနွား တရားဝင် တင်ပို့ခွင့် ပြုလိုက်ခြင်းဟာ လယ်သမားတွေအတွက် အခွင့်အလမ်းကောင်း ဖန်တီးပေးလိုက်ခြင်း ဖြစ်ပါတယ်”ဟု ဆိုသည်။

ကန့်သတ်ချက်များ

**************

ကျွဲနွားများ ပြည်ပသို့ တင်ပို့ရာတွင်လည်း ကန့်သတ်ချက်များ ရှိပြီး ၎င်းတို့မှာ ယာယီစုဆောင်းရပ်ကို နွားပွဲဈေးများတွင် မပြုလုပ်ရန်၊ အလေးချိန် ၂၀၀ ကီလိုဂရမ်အောက် ကျွဲနွားများနှင့် အသက် ၅ နှစ်အောက် ကျွဲနွားများကို မတင်ပို့ရန်နှင့် နွားထီးဖြစ်လျှင်လည်း သင်းကွပ်ပြီးမှသာ ပြည်ပသို့ တင်ပို့ရန် ဖြစ်ကြောင်း သိရသည်။

ရခိုင် အမျိုးသားပါတီမှ ပုဏ္ဍားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းမောင်ကမူ ဦးစိန်ဝင်း၏ အဆိုကို ထောက်ခံခဲ့ ရာတွင် ယခုအဆိုသည် ကန့်သတ်ရန်သာ ဖြစ်ပြီး လုံးဝ တားမြစ်ခြင်း မဟုတ်ကြောင်း ထောက်ပြပြောဆိုသည်။

“ဆင်းရဲတဲ့ ပြည်နယ်မှာ လယ်သမားတိုင်း လယ်ထွန်စက် မဝင်နိုင်တဲ့အတွက် ကျွဲနွားကို အဓိက အားကိုးနေရပါတယ်။ ကျွဲနွားတွေ ရှားပါးသွားရင် စိုက်ပျိုးရေး လုပ်ငန်းတွေ ထိခိုက်သွားနိုင်တဲ့အတွက် ပြည်ပသို့ တင်ပို့တဲ့အခါ သင့်တော်တဲ့ အရည်အတွက်ကိုသာ ခွင့်ပြုပေးသင့်ပါတယ်”ဟု ၎င်းက ပြောသည်။

အစိုးရအဖွဲ့မှ ဝန်ကြီးများကမူ မြန်မာနိုင်ငံတွင် ထွန်ယှက်စိုက်ပျိုးရန်အတွက် ကျွဲ၊ နွား အလုံအလောက်ရှိကြောင်း၊ တရုတ်နှင့် ဘင်္ဂ လားဒေ့ရှ် နိုင်ငံသို့ တရားဝင် တင်ပို့မှုများ စတင်နေပြီ ဖြစ်သလို မျိုးပွားနိုင်သည့် ကောင်ရေလည်း အလုံအလောက်ရှိကြောင်း လွှတ်တော်တွင် ရှင်းပြခဲ့သည်။

ဝန်ကြီး ဒေါက်တာ အောင်သူက “မိမိကိုယ်တိုင်လည်း ၂၀၁၇ တုန်းက မအူပင်မြို့နယ် ကိုယ်စားလှယ်တော်ကြီး ဦးစိန်ဝင်း စိုးရိမ်သလို စိုးရိမ်ခဲ့ဖူးပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။

သို့သော် ယင်းအဆိုကို ဦးစိန်ဝင်းက အတည်ပြုပေးရန် တောင်းဆိုသဖြင့် မဲခွဲဆုံးဖြတ်ရာ ဦးစိန်ဝင်းကို ထောက်ခံသူ ၂၃ ဦး၊ ကန့်ကွက်သူ ၂၀၆ ဦး၊ ကြားနေသူ ၁၀၆ ဦးဖြင့် အဆိုမှာ မှတ်တမ်းတင်သည့် အဆင့်ဖြင့် ကျေနပ်သွားခဲ့ရသည်။

Irrawaddy

Export, Import Read 591 times