မွေးမြူရေးကဏ္ဍချေးငွေ ပြန်ဆပ်ကာလ ၁ နှစ် သက်တမ်းတိုး


01 December, 2022

မွေးမြူရေးကဏ္ဍချေးငွေ ပြန်ဆပ်ကာလ ၁ နှစ် သက်တမ်းတိုး


 

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက  ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍချေးငွေ ပြန်ဆပ်ကာလ ၁ နှစ် သက်တမ်းတိုးကြောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် ( ၄ / ၂၀၂၂) ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။


 

ကိုဗစ်-၁၉ ရန်ပုံငွေ မှ နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလအား သက်တမ်း (၁) နှစ် ထပ်မံ တိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း

 

၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ သက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ မှစတင်၍ ချေးငွေများ ခွင့်ပြုထုတ်ချေးပေးခဲ့ပါသည်။

 

၂။ မြန်မာ့စီးပွားရေးဘဏ်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ထိ ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၃၂၅ ခု၊ ချေးငွေပမာဏ ကျပ် ၇.၆ ဘီလီယံအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသဖြင့် အစောဆုံး ထုတ်ပေးခဲ့သည့် ချေးငွေရရှိသူများ သည် မကြာမီချေးငွေသက်တမ်းကာလ ပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့် ကာလစေ့ရောက် တော့မည် ဖြစ်ပါသည်။

 

၃။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများ ထပ်မံ ရှိနေပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့စေရေး အတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့် ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလ စေ့ရောက်သည့် နေ့မှစ၍ နောက်ထပ် (၁) နှစ် သက်တမ်း တိုးမြှင့်ပေးရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။

 

၄။ သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၃၂၅ ခု အနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း (၁) နှစ် စေ့ရောက် သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံ တိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ်ပါသည်-

 

(က) အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ပြီး ဖြစ်ရပါမည်၊

 

(ခ) ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရပါမည်။

 

၅။ လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့် ချေးငွေ ထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြား စာတွင် “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် ခံရမည်ဖြစ်ပါကြောင်း" အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထား သည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေ သဘောတူစာချုပ်ပါအတိုင်း ဘဏ် လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလ အတွင်း အပြီးသတ်အပြေအကြေပေးဆပ်ရန် အသိပေးကြေညာအပ်ပါသည်။

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 490 times