LNG သင်္ဘောများ အာရှအစား ဈေးပိုကောင်းတဲ့ ဥရောပသို့ လမ်းကြောင်းပြောင်း


08 January, 2022

LNG သင်္ဘောများ အာရှအစား ဈေးပိုကောင်းတဲ့ ဥရောပသို့ လမ်းကြောင်းပြောင်း

ငွေ့ရည်သဘာဝဓာတ်ငွေ့ liquefied natural gas (LNG) တင်ဆောင်ထားသော သင်္ဘောများသည် တရုတ်နိုင်ငံသို့ ဦးတည်ခုတ်မောင်းနေရာမှ ဉရောပသို့ လမ်းကြောင်းပြောင်းလဲ ခုတ်မောင်းကြပါတယ်။ ဥရောပမှာ ဈေးကောင်းရနေတာကြောင့် ကုန်သည်တွေက မိုးရွာတုန်း ရေခံဖို့ ငွေကုန်ခံပြီး LNG သင်္ဘောတွေကို  လမ်းကြောင်းပြောင်းလဲပြီး ဉရောပသို့ စေလွတ်နေကြပါတယ်။

 

အမေရိကန်နှင့် အနောက်အာဖရိကတို့မှာ LNG တင်ဆောင်ခဲ့ပြီး အာရှသို့ ဦးတည်ခုတ်မောင်းနေစဉ် အာရှအစား ဥရောပသို့ ‌ခရီးစဉ် ပြောင်းလဲစေလွှတ်ကြတာကို Kpler နဲ့ Bloomberg တို့ရဲ့ အချက်အလက်များက ဖော်ပြနေပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သင်္ဘော ၈ စီး ခရီးစဉ် ပြောင်းလဲခဲ့ပါတယ်။
ပနားမားတူးမြောင်း ဖြတ်သန်းပြီး ပစိဖိတ်သမုဒ္ဒရာဘက် ရောက်နေတဲ့ သင်္ဘောတစ်စီးကို ကုန်သည်တွေက နောက်ကြောင်းပြန်လှည့်ခိုင်းပြီး ပနားမားတူးမြောင်းကို ပြန်ဖြတ်သန်းစေပြီး ဥရောပသို့ ဦးတည်စေခဲ့ပါတယ်။  တူးမြောင်းဖြတ်သန်းခ အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ နီးပါး ထပ်မံအကုန်အကျ ခံခဲ့ပါတယ်။ 
ဥရောပမှာ LNG အကျပ်အတည်းကြောင့် ဈေးကြီးနေတာကြောင့် အာရှထက် ဥရောပမှာ ဈေးပိုရလို့ အခုလို အာရှအစား ဥရောပသို့ LNG သင်္ဘောတွေကို စေလွှတ်ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ LNG သင်္ဘောတွေ စုပြုံရောက်ရှိကြပြီးရင် LNG အကျပ်အတည်း လျော့ကျပြီး ဈေးလည်း ကျဆင်းမယ်လို့ ခန့်မှန်းကြတာကြောင့် ဈေးမကျခင် လက်ဦးမှု ရယူနိုင်ဖို့ ကြိုးပမ်းကြတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ဈေးပြန်ကျလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

 

အာရှမှာ အဓိကဝယ်လက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ တရုတ်နှစ်သစ်ကူးကာလအတွင်း စက်ရုံတွေ ပိတ်ထားကြမှာ ဖြစ်လို့ ယခုအခါ ဝယ်လိုအား ကျဆင်းနေပါသဖြင့် ဈေးအေးနေပါတယ်။
Kpler မှ လေ့လာဆန်းစစ်သူ Mathew Ang က တရုတ်နိုင်ငံ မြောက်ပိုင်း Tianjin သို့ မူလက ပေးပို့ဖို့ သယ်ယူလာတဲ့ LNG တွေကို ဇန်နဝါရီလအတွက် ဝယ်လိုအား နှေးနေတာကြောင့် အာရှမှ အခြားဆိပ်ကမ်းများသို့ ပေးပို့ခဲ့ကြရတယ်လို့ ပြောပြပါတယ်။ အာရှဘက် မရောက်သေးတဲ့ LNG သင်္ဘောတွေကိုတော့ ဥရောပသို့ ဦးလှည့်စေခဲ့ကြတာဖြစ်တယ်လို့ သူက ပြောပြပါတယ်။

gcaptain.com

Export, Import Read 862 times