VPower Group International Holdings Limited (VPower Group) သည် သဘာဝ ဓာတ်ငွေ့ရည် မှ လျှပ်စစ်စွမ်းအား ထုတ်ခြင်း liquified natural gas (LNG)- to-power လုပ်ငန်းကဏ္ဌတွင် China National Technical Import and Export Corporation (CNTIC) နှင့် လက်တွဲပြီး မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၁၄ ရက်တွင် ခြေလှမ်းသစ်တစ်ခု စလှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံအတွက်လည်း LNG- to-power နည်းလမ်းဖြင့် ဓာတ်အားထုတ်လုပ်သည့် ပထမဆုံးခြေလှမ်း ဖြစ်သည်။ ထုတ်လုပ်သည့် နေရာမှာ ရန်ကုန်မြို့ သာကေတ မြို့နယ်ရှိ ဓာတ်အားစက်ရုံတွင် ဖြစ်ပြီး ယင်းစက်ရုံကို VPower Groupနှင့် CNTIC (CNTIC VPower) တို့ ၅၀-၅၀ ဖက်စပ်လုပ်ငန်း ထူထောင်လုပ်ကိုင်ကြခြင်း ဖြစ်သည်။
ပါဝါစတေရှင်သည် ၄၇၇ .၁ မီဂါဝပ် ထုတ်လုပ်နိုင်သည်။ ၂၀၂၀ နွေရာသီအမီ အပြီးအစီး ဖြစ်ရန် အမြန်အဆန် ဆောက်လုပ်ခဲ့ပြီး ဓာတ်အား စတင်ထုတ်လုပ်ခဲ့သည်။
စီမံကိန်း တင်ဒါကို VPower Group နှင့် CNTICတို့က ၂၀၁၉ နှစ်ကုန်ပိုင်းတွင် တင်ဒါအောင်ခဲ့သည်။ အကျိုးထိရောက်မှုရှိပြီး ပြောင်းလဲဖို့ လွယ်ကူသော အင်ဂျင်အခြေပြု ဓာတ်အားထုတ်လုပ်ရေး နည်းပညာအပြင် CNTIC VPower ဖက်စပ်လုပ်ငန်းက LNG တင်သွင်းခြင်း၊ ပို့ဆောင်ထားသိုခြင်း၊ အရည်မှ အငွေ့သို့ ပြောင်းခြင်းတို့အတွက် one-stop LNG solution ကိုလည်း စီမံရသည်။ ထို့အတွက် LNG အခြေခံအဆောက်အအုံကို သန်လျင်မြို့နယ်တွင် တည်ဆောက်သည်။
ဓာတ်အားဝယ်ယူရန် သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့ကြပြီး ဇွန်လ ၁၄ ရက် ၂၀၂၀ ခုနှစ်တွင် ဓာတ်အား စတင်ထုတ်လုပ်ခဲ့ပြီး ဓာတ်အားလိုင်း ကွန်ရက်ထဲသို့ ပေးပို့ခဲ့သည်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွက် သုံးစွဲမည် ဖြစ်သည်။
"LNG ကို သုံးနိုင်ပြီဖြစ်လို့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပုံ အမျိုးမျိုး ပိုကျယ်ပြန့်ပြီး တိုင်းပြည်ရဲ့ ကြီးထွားလာနေတဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အထောက်အကူ ဖြစ်စေတယ်" ဟု CNTIC VPower ၏ Chief Executive Officer ဖြစ်သူ Mr. Earnest Cheung က ပြောကြားသည်။
သာကေတ ဓာတ်အားစက်ရုံ စီမံကိန်း ပါဝင်သည့် တင်ဒါတွင် နောက်ထပ် စီမံကိန်း နှစ်ခု ပါဝင်ပြီး CNTIC VPower က တင်ဒါအောင်ထားသည်။