ယခုနှစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများအနက် မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ၊ ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် အလုံ ၁၅၁.၅၄ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံစီမံကိန်းများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခဲ့ပြီး LNG to Power စီမံကိန်း များအနက် မကြာမီ ယခု LNG to Power သာကေတ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းမှလည်း လျှပ်စစ်ဓာတ်အားများ ထွက်ရှိတော့မည် ဖြစ်သည်။
LNG သိုလှောင်သင်္ဘောမှ LNG ကို အသုံးပြု၍ ဓာတ်အားထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စီမံကိန်းဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏မူဝါဒဖြစ်သော ပြည်သူ လူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဓိကအချက်များအနက် ကဏ္ဍတစ်ခု ဖြစ်သည့် လျှပ်စစ်မီးရရှိရေးကို ဒေသအသီးသီးသို့ ဖြန့်ကျက်ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော် အစိုးရအနေဖြင့်လည်း ယခုနှစ်တွင်လျှပ်စစ်ကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်နိုင်ရန် အများဆုံး ပံ့ပိုးဆောင်ရွက်ပေးမှုနှင့်အတူ နှစ်စဉ်တိုးတက်သုံးစွဲနေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ယခုနှစ် နွေရာသီတွင် တိုးတက်သုံးစွဲ လာသောဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် Liquefied Natural Gas to Power စီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အားစုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် စီမံကိန်းသစ် ၇ ခုကို ရန်ကုန်တိုင်း ဒေသကြီး အလုံ၊ သန်လျင်၊ သာကေတတို့တွင်လည်းကောင်း၊
မကွေးတိုင်းဒေသကြီး၊မကွေးနှင့် ကျွန်းချောင်းတို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဒေသတို့တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်း (၇) ခု အနက် မကွေး ၆၆ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ၊ အလုံ ၁၅၁.၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံတို့မှ လျှပ်စစ်ဓာတ်အားများ
ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ဓာတ်အားပေး စက်ရုံစီမံကိန်းများမှလည်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ LNG to Power စီမံကိန်းများ အတွက် LNG သယ်ဆောင်လာသော သင်္ဘောဆိုက်ကပ်မည့် ယာယီဆိပ်ခံ (Temporary Jetty) အဖြစ် အသုံးပြုမည့်
Mobile Filling Platform (MFP) ကိုစင်္ကာပူနိုင်ငံတွင် တည်ဆောက်၍ ၂-၅-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးသီလဝါ LNG ဆိပ်ကမ်း၌ Covid-19 ကန့်သတ်မှုများအရ လိုက်နာဆောင်ရွက် ရသဖြင့် ၂-၆-၂၀၂၀ ရက်နေ့တွင် တပ်ဆင်ပြီးစီးခဲ့ပါသည်။ MFP တွင် ဆိုက်ကပ်မည့် LNG သိုလှောင်ရေးသင်္ဘော
(MV-CNTIC VPOWER GLOBAL) သည် အလျား ၁၇၆.၈ မီတာ၊ ရေဆူး ၈ မီတာနှင့် စုစုပေါင်းတန်ချိန် ၃၆၀၀၀ ခန့်ရှိပြီးဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက်ကြာ ဓာတ်အားထုတ်လုပ်နိုင်သော LNG ပမာဏကိုသိုလှောင်နိုင်ပြီး Small LNG Tanker များဖြင့် လိုအပ်သော LNG ကိုဖြည့်တင်းမည်ဖြစ်ပါသည်။
အဆိုပါသင်္ဘောသည် မလေးရှားနိုင်ငံမှ ၂၈-၄-၂၀၂၀ ရက်နေ့တွင် ထွက်ခွာခဲ့ပြီး ၆-၅-၂၀၂၀ ရက်နေ့တွင် ရန်ကုန်မြစ်ဝသို့ရောက်ရှိကာ ကျောက်ချရပ်နား၍ MFP လုပ်ငန်းများပြီးစီးသည့်နောက် ၆-၆-၂၀၂၀ ရက်နေ့တွင်ဆိုက်ကပ်နိုင် ခဲ့ပါသည်။
MFP တည်ဆောက်ခြင်းနှင့် LNG သိုလှောင်ရေးသင်္ဘောဆိုက်ကပ်နိုင်ရေးသည် မြန်မာ နိုင်ငံအတွက် ပထမဆုံးအတွေ့အကြုံဖြစ်သည့်အတွက် စီမံကိန်းဆောင်ရွက်နေသည့် ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ Consortium of CNTIC and Vpower ကုမ္ပဏီတို့နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတို့အကြား အသေးစိတ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ရပါသည်။
Liquefied Natural Gas (LNG) ဖြင့် ပထမဆုံးအကြိမ် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ မကြာမီကာလတွင် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ် ပါသည်။