စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းရှင်များမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာချေးငွေများလျှောက်ထားနိုင်


17 May, 2019

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြန်မာ့စီးပွားရေးဘဏ်နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး တောင်သူလယ်မားများအပါအဝင် လုပ်ငန်းရှင်များကို စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံတဲ့ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်တဲ့ ငွေကြေးအရင်းအနှီးများရရှိစေဖို့ ချေးငွေများကို ၂၀၁၈ ခုနှစ် ဧပြီလမှစပြီး ထုတ်ချေးပေးလျက်ရှိပါတယ်။

ချေးငွေကို နှစ်တိုချေးငွေ ( ၃ ) နှစ် ၊ နှစ်ရှည်ချေးငွေ ( ၅ ) နှစ်သတ်မှတ်ပြီး နှစ်တိုချေးငွေအတွက် ကျပ်သိန်း (၅ဝဝ) အထိ၊ နှစ်ရှည်ချေးငွေအတွက် ကျပ်သိန်း (၅၀၀၀) အထိ ထုတ်ချေးပေးလျက်ရှိပါတယ်။

အတိုးနှုန်းကတော့ တစ်နှစ်ကို ၉ ရာခိုင်နှုန်းဖြစ်ပြီး ငွေချေးယူသူရဲ့ ငွေချေးယူမှုရာဇဝင်၊ ပိုင်ဆိုင်မှု၊ လုပ်ငန်းသဘာဝနဲ့ လုပ်ငန်းပမာဏ၊ ဝင်ငွေပြန်လည်ရရှိမှု၊ အာမခံတင်သွင်းနိုင်မှုတို့အပေါ် စိစစ်ပြီး ချေးငွေသက်တမ်း၊ ဆိုင်းငံ့ကာလနဲ့ ချေးငွေပမာဏကို သတ်မှတ်ထုတ်ချေးပေးလျက်ရှိပါတယ်။

၂၀၁၉ ခုနှစ်၊ ဧပြီလကုန်ထိ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာချေးငွေကို မြို့နယ်ပေါင်း (၉၆) ခုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူ ( ၆၈ဝ ) ဦးသို့ ငွေကျပ် ( ၆၃၂၆ ) သန်းကျော် ထုတ်ချေးထားပြီး ဖြစ်ပါတယ်။

ချေးငွေအတွက်လိုအပ်တာကတော့ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) မူရင်း၊ မွေးမြူရေးလုပ်ငန်း (သို့မဟုတ်) စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသောလုပ်ငန်းများဖြစ်ပါက လန (၃၉) ၊ ပုံစံ (၁၀၅)၊ (၁၀၆) မူရင်းနှင့် ငွေချေးယူလိုသူနှင့် ပူးတွဲအာမခံသူ(၂)ဦး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အာမခံအဖြစ် တင်သွင်းရမှာဖြစ်ပါတယ်။

ချေးငွေအတွက် အာမခံပစ္စည်း လုံလောက်စွာမပေးနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းနှင့် ဆက်သွယ်၍ ချေးငွေအာမခံစနစ် (Credit Gurantee Insurance) ဖြင့် လျှောက်ထားနိုင်ပါတယ်။ ကျပ်သိန်း (၂၀၀) ထက်ပိုတဲ့ ချေးငွေဖြစ်ပါက မီးအာမခံ၊ ဘဏ်ရှေ့နေနဲ့ ဘဏ်ရာဖြတ် အစီရင်ခံစာတို့ကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။

ချေးငွေရယူလိုသူများဟာ မိမိအမြဲတမ်းနေထိုင်ရာမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊ မြို့နယ်ဘဏ်ခွဲ သို့မဟုတ် နီးစပ်ရာဘဏ်ခွဲမှာ စုံစမ်း၍ ချေးငွေများအား လျှောက်ထားနိုင်ပါတယ်။

ဒါမှမဟုတ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)၊ အမှတ်၂၆/ ၄၂၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၁ ၃၉၁၂၃၅ ၊ Fax - ၀၁ ၃၈၁၇ဝ၃ တို့တွင်လည်း စုံစမ်းနိုင်ပါတယ်။

Myanmar Agriculture Development Bank

Banking & Loan Read 2454 times