မွေးမြူရေး လုပ်ငန်းရှင်များအား SME ချေးငွေ ထုတ်ချေးမှုများတွင် အတိုးနှုန်း များနေ


21 May, 2019

မွေးမြူရေး လုပ်ငန်းရှင်များအား SME ချေးငွေ ထုတ်ချေးမှုများတွင် အတိုးနှုန်း၂၀ ရာခိုင်နှုန်း ကျော်နေတဲ့အတွက် ဘဏ်အတိုးနှုန်းများကို စိစစ်ပေးရန် ဒုတိယသမ္မတထံ တင်ပြသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောကြားပါတယ်။

လက်ရှိတွင် ဘဏ်များမှ SME ချေးငွေအဖြစ် ကျပ်သိန်း ( ၁၀၀၀ ) ချေးပါက ကျပ်သိန်း ( ၈၀၀ ) သာထုတ်ပေးပြီး ကျပ်သိန်း ( ၂၀၀ ) အား ဘဏ်တွင် ထားရှိထားရကာ ကျပ်သိန်း ( ၈၀၀ ) အတွက် အတိုးနှုန်း ၁၉ ရာခိုင်နှုန်းနှင့် ဘဏ်အတွင်းရှိ ကျပ်သိန်း ( ၂၀၀ ) အတွက် အတိုးနှုန်း ခြောက်ရာခိုင်နှုန်း ပေးနေရတဲ့အတွက် လုပ်ငန်းရှင်များ နစ်နာမှုရှိကြောင်း ၎င်းက ပြောကြားပါတယ်။

“နစ်နာတယ် ဆိုတဲ့အတွက် ပြန်ပြီး ပေါင်းကြည့်လိုက်တဲ့ အခါကျတော့ ၂၀ ရာခိုင်နှုန်းကျော် ပေးနေရတယ်ဆိုတဲ့ အဖြေထွက်ပါတယ်။ ဒါသည် SME အတွက်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာ ဘဏ်တွေက အဟန့်အတား ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒါကို ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ SME ကို ချေးတဲ့အခါမှာ နိုင်ငံတော်က ချမှတ်တဲ့ စည်းမျဉ်းထက်ပိုပြီးတော့ အတိုးရာခိုင်နှုန်း မယူဖို့ ဆိုတာက အရေးကြီးတယ်။

SME လေးတွေက နဂိုကတည်းက ယဲ့ယဲ့လေး ဖြစ်နေတဲ့အချိန်မှာ အခုလို သူတို့က အတိုး ၂၀ ရာခိုင်နှုန်းကျော်ကို ယူပြီးတော့ ၁၀၀၀ ချေးရင် ၈၀၀ ပဲ ထုတ်ပေးတာက အဓိပ္ပာယ်မရှိဘူးလို့ ထင်ပါတယ်။ ငါးလုပ်ငန်း ဖွံ့ဖြိုးမှုမှာ အဟန့်အတား ဖြစ်တယ်လို့ ယူဆပါတယ်” လို့ ဒေါက်တာ တိုးနန္ဒာတင်က ပြောပါတယ်။

 မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒေတွင် အပေါင်ပစ္စည်းမရှိပါက အတိုး ၁၆ ရာခိုင်နှုန်းထက် ပိုမယူရဟု ဘဏ်များကို ညွှန်ကြားချက်ရှိကြောင်း ၎င်းက ပြောပါတယ်။

“ဒီလိုမျိုး မဖြစ်သင့်ဘူး။ ဘာလို့ ဒီလိုလုပ်သလဲ ဆိုတာ စိစစ်ပေးဖို့။ နိုင်ငံခြားဘဏ်တွေလည်း ဝင်လာချင်တယ်။ ဒါတွေက အဟန့်အတားတွေ ဖြစ်နေတယ်။ အေးအေးဆေးဆေးနဲ့ ရင်းနှီးမြှုုပ်နှံမှုအနေနဲ့ ဝင်လာနိုင်အောင်လို့ ဗဟိုဘဏ်က ဘယ်လို စီစဉ်ပေးမလဲ။ ဒါတွေကို မေးမယ်” လို့ ဒေါက်တာတိုးနန္ဒာတင်က ပြောပါတယ်။

 Daily Eleven 

Banking & Loan Read 629 times