အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အစိုးရနဲ့ ပြည်တွင်း၊ ပြည်ပဘဏ်တွေမှ ချေးငွေထုတ်ချေးပေးနေ


25 March, 2019

အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ လိုအပ်တဲ့ ငွေကြေးအရင်းအနှီးရရှိဖို့ နိုင်ငံတော်အစိုးရနဲ့ ပြည်တွင်း၊ ပြည်ပဘဏ်တွေမှ ချေးငွေအစီအစဉ်တွေဆောင်ရွက်ပေးနေပါတယ်။

နိုင်ငံတော်အစိုးရ အစီအစဉ်ဖြစ်တဲ့ SME မှ ချေးငွေ ဘီလီယံ ၃၀၊ အပေါင်မဲ့အာမခံစနစ် (CGI) မှ ချေးငွေ (၇ ဒသမ ၃၉၃) ဘီလီယံ၊  မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေ ဘီလီယံ ၂၅၀၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးချေးငွေ ဘီလီယံ ၂၀၀၊ ဂျပန်နိုင်ငံရဲ့ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) မှ JICA Two Step Loan အဖြစ် ဂျပန်ယန်း ဘီလီယံ ၂၀၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) မှ ချေးငွေ ယူရို (၁၅ ဒသမ ၃၀) သန်း စတဲ့ချေးငွေတွေကို ပြည်တွင်းပုဂ္ဂလိကဘဏ်တွေနဲ့ ပူးပေါင်းကာ MSMEs လုပ်ငန်းရှင်တွေကို ထုတ်ချေးပေးနေပါတယ်။

နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်တဲ့အခါ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ ရေရှည်အကျိုးဖြစ်ထွန်းမှုကို ရှေးရှုတဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီဖို့အတွက်ဆိုရင် MSME တွေဟာ အဓိကမောင်းနှင်အားများဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေအနက် ၉၉ ရာခိုင်နှုန်းဟာလည်း MSME တွေဖြစ်တဲ့အတွက် MSME တွေဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံရဲ့စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ MSME တွေအတွက်လိုအပ်တဲ့ နည်းပညာများပံ့ပိုးရေး၊ ရင်းနှီးမြှုပ်နှံမှုများရရှိရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ ဈေးကွက်အသစ်များ ဖော်ထုတ်နိုင်ရေးတွေကို ပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရများနဲ့ ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားရမယ်လို့ ဒုတိယသမ္မတက မတ်၂၃ ရက်က နေပြည်တော်မှာကျင်းပခဲ့တဲ့ နိုင်ငံတော်အဆင့် ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲ အခမ်းအနားမှာပြောကြားခဲ့ပါတယ်။

ဒါ့ပြင် အခုလို ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒရည်မှန်းချက် လေးချက်အနက် ဒုတိယအချက်မှာ ဖော်ပြထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေးအခြေအနေကောင်းများ ရရှိဆောင်ရွက်ရန်ဆိုတဲ့ အချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဒုတိယသမ္မတက ပြောပါတယ်။

Daily Eleven

Banking & Loan Read 462 times